20

1.3K 83 4
                                    

(U)

မုန်တိုင်းပြီးရင် လေငြိမ်သလို ကောင်းကင်ကြီးဟာလည်း ကြည်လင်တတ်သတဲ့…။ ဒါဆို မုန်တိုင်းမလာဘဲ လေငြိမ်နေခြင်းဟာ မုန်တိုင်းဖြစ်ဖို့ အရှိန်ယူနေခြင်းမျိုးလား။
သာယာတဲ့ မနက်ခင်းတစ်ခုမှာ ပိတ်ရက်ရတဲ့ လင်းစေကို အိမ်အလည်ခေါ်လာခဲ့သည်။ လင်းစေမှတ်မိသည်။ အရင်ကဆို ဒီအိမ်ထဲ တံခါးမရှိ ဓားမရှိဝင်ထွက်ခဲ့ပြီး ကြီးမေချက်သမျှကို ရှင်းနဲ့အတူလက်စုံစားခဲ့တာတွေ၊ ရှင်းကို စနောက်ရင်း တိတ်တခိုးချစ်ခဲ့ရပုံတွေ။ ရှင်းစာမရရင် ရှင်းပြပြီး ကျက်အားသန်တဲ့ ရှင်းနဲ့အတူ ပုဒ်စာအရှည်ကြီးတွေ အတူရွတ်အံခဲ့ရတဲ့အချိန်တွေရော။ နောက်ဆုံးသူမရှိတဲ့အခန်း ထဲဝင်ပြီး စာလေးတစ်စောင်ချန်ထားခဲ့တဲ့ အဖြစ်တွေကအစ ဦးနှောက်ထဲ တရိပ်ရိပ်ပေါ်လာပြီး နှလုံးသားမှ စူးခနဲအောင့်သက်စေသည်။ တော်သေးတာပေါ့ ဒီကောင်လေး ကိုယ့်အနားရှိနေသေးလို့။
“ဒီအိမ်ကြီးကတော့ မင်းရဲ့အခုပုံစံကို နေသားကျနေပေမဲ့ ငါဒီအိမ်ထဲဝင်ဝင်ချင်း ဘာကိုအရင်သွားသတိရလဲ သိလား”
“ကြီးမေရဲ့ လက်ရာတွေကိုလား”
လင်းစေပြုံးလိုက်သည်။
“မဟုတ်ဘူး မင်းစကားမပီဘဲ ထစ်ခဲ့တဲ့အချိန်တွေကို။ အဲ့တုန်းတည်းက ငါမင်းမရှိဘဲ မနေတတ်ခဲ့တာ”
ရှင်းပြုံးလျက်နဲ့ ခေါင်းကိုလေးပင်စွာ ညိတ်လိုက်ရင်း
“အဲ့တုန်းက မင်းဘာလို့ငါ့ကို စကားမထစ်အောင် သင်ပေးခဲ့တာလဲ”
“ငါချစ်တဲ့လူကို တခြားလူတွေ လှောင်ရယ်တာ မခံစေချင်ဘူး မင်းကငါ့မျက်လုံးထဲမှာ ဟိုးတုန်းတည်းကချစ်မွှေးလေး”
တစ်ခုခုကို တွေးတောပြီးကြည်နူးနေဟန်နဲ့ လင်းစေက ရှင်းကိုလည်းမကြည့်ပါဘဲ တစ်ယောက်တည်း ပြောရင်းနဲ့ပြုံးသည်။
“လာ ငါမင်းကို ပြစရာရှိတယ်”
ရှင်းပြောပြီးလင်းစေရဲ့လက်ကို ဆွဲကာခေါင်မိုးထပ်ကို ခေါ်သွားလိုက်သည်။ မရောက်ဖြစ်တာ တော်တော်ကြာပြီဖြစ်တဲ့ ဒီလှေကားက အရင်ကနဲ့မတူဘဲ ကျောက်စိမ်းရောင်ကြွေပြားတွေခင်းထားပြီး လှေကားလက်ယမ်းတွေမှာလည်း LEDမီးလုံးရောင်စုံလေးတွေ တပ်ထားသည်။ လှေကားဆုံးတော့ ခေါင်မိုးထပ်တစ်ခုလုံးမှာ အစိမ်းရောင်အပင်တွေနဲ့ ပြည့်နေ၏။ တော်တော်များများက Peace Lily (ခေါ်) ရှင်သီဝလိဂမုန်းပင်တွေဖြစ်ပြီး တခြားသော ဂမုန်းပင်မျိုးစိတ်တွေလည်းရှိသည်။ နောက်ထပ်တွေ့ရတာက များစွာသော သစ်ခွပန်းပင်တွေ။ မထင်ထားခဲ့ဘူး။ ဒီကောင်လေးဒီလောက်ထိ အပင်စိုက်ဝါသနာပါလိမ့်မယ်လို့။
“အကုန်မင်းစိုက်ထားတာတွေလား”
“အင်းပေါ့”
“တော်တော်များတာပဲ ဆိုင်တောင်ဖွင့်လို့ရတယ်”
“ကြိုက်လို့စိုက်ထားတာ ရောင်းဖို့မှမဟုတ်တာ”
“မင်းဒီလောက်ထိဝါသနာပါမှန်း မသိဘူးလေ”
  “မင်းပေးတဲ့ ဝါသနာလေ”
  “ဟမ်”
အပင်တွေများလွန်းလို့ ဒန်းထားစရာနေရာမရှိတော့တာကြောင့် အပင်တွေရဲ့အလယ်မှာ ကွပ်ပျစ်တစ်ခုသာ ထိုင်စရာချထားသည်။ ထိုကွပ်ပျစ်ပေါ်ကို ရှင်းကထိုင်ရင်း လင်းစေကိုလည်း “ထိုင်လေ”ဟု ပြောလိုက်သည်။
“မင်းမှတ်မိတယ်မလား ငါ့ကိုရှင်သီဝလိဂမုန်းပင် စပေးတဲ့လူက မင်းလေ။ အဲ့ကစပြီးဂမုန်းပင်တွေကို ရူးသွပ်ခဲ့တဲ့ငါ့ကို အမေတို့က ဒီခေါင်မိုးထပ်ကို အပိုင်ပေးခဲ့တာ။ နောက်တော့ဂမုန်းပင်တွေစိုက်ရင်း တခြားအပင်တွေပါ စိုက်ဖြစ်လာတယ်။ အဓိကကမင်းကို လွမ်းတိုင်း အပင်တစ်မျိုးတိုးဝယ်ခဲ့လို့ ငါ့ဥယျာဉ်က ဒီလောက်ထိပြည့်နေတာပဲ။ ဒါကငါကိုယ်တိုင်ဖန်တီးလို့မဟုတ်ဘဲ မင်းကြောင့်ဖြစ်လာတဲ့ ဝါသနာ”
လင်းစေ ရှင်းမျက်လုံးတွေကို စိုက်ကြည့်မိတော့ ရှင်းကတစ်ဖန်ပြန်ပြုံးရင်း‌ ဆက်ပြောသည်။
“မင်းလည်းငါ့ကြောင့် မသင်ချင်တဲ့စာတွေကို ကြိုးစားကျက်မှတ်ခဲ့ရတာ ငါသိတယ်။ ငါတို့နှစ်ယောက်လုံးမှာ တူညီတဲ့အချက်က အနေဝေးနေရင်တောင်၊ နှစ်ယောက်သားစကားလုံးတွေနဲ့ ချိတ်ဆက်ခွင့် မရှိရင်တောင် တစ်ယောက်ကတစ်ယောက်ကို လိုအပ်နေတဲ့အတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ နီးစပ်ဖို့ကို ကြိုးစားခဲ့ကြတာပဲ။ ဒီလောက်ထိကျော်ဖြတ်ပြီးနေမှ ကြုံလာရတဲ့အချို့အခက်အခဲတွေကို မလျှို့ဝှက်ဘဲ နေကြရအောင်။ မင်းနားလည်ရဲ့လား။ ဒီလောက်ဆို မင်းအခက်အခဲကို ပြောလို့ရပြီလား”
လင်းစေမျက်လုံးတွေ ယောက်ယက်ခတ်သွားသည်။ သူတစ်ကယ်ကြီး မဖုံးကွယ်ချင်ပေမဲ့ ကောင်လေးကိုလည်း စိတ်ဆင်းမရဲစေချင်ဘူး။
“အမေက ဉာဏ်ကောင်းတယ်လေ နည်းနည်းလေးရိပ်မိတာနဲ့ မလုံးစုံကို မြင်နိင်တော့တာပဲ’
“ဦးလေးကရော”
“အဖေကဘာပြောမှာလဲ အစတည်းက အမေ့တစ်ခွန်းပဲကို”
“ဒါပေမဲ့မင်းဘက်ကနေရှိနေပေးမှာပါ ဦးလေးကဟိုးတုန်းတည်းက အေးဆေးတယ်လေ”
“ငါ့ကိုချည်းပြောနေတယ် မင်းအိမ်အခြေအနေကရော”
“ငါ့အိမ်က မသိသေးဘူး”
“သိသွားရင်ရော”
“ဟဟ ငါမကြောက်တတ်တာ မင်းသိပါတယ်”
လင်းစေသိတာပေါ့ ဒီကောင်လေးအကြောက်အလန့် မရှိတတ်တာကို။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Tempat cerita menjadi hidup. Temukan sekarang