(U)
ဆိုင်မှာထိုင်နေရင်း ရှင်း ဖုန်းကိုဖွင့်ကာ ဆည်းဆာရဲ့ ဇာတ်လမ်းတွဲနာမည်ကို ရိုက်ရှာကြည့်လိုက်သည်။ Channelက နာမည်ကြီးတာကြောင့် ကြော်ညာပြီး တစ်ရက်အတွင်းမှာတင် လူစိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။
စာရေးဆရာကလည်း လူငယ်ကြိုက် အချစ်ဝတ္ထုတွေ ရေးနေကျမို့ (၁၅)ပိုင်းပဲ ရှိတဲ့ ဒီဇာတ်လမ်းကို လူတော်တော်များများက မျှော်လင့်နေကြသည်။ ရှင်း Channel Pageမှာ တင်ထားတဲ့ Postကို ဆည်းဆာအားTagပြီး Shareလိုက်သည်။
“အရမ်းတော်တဲ့ပြီး အရမ်းလှတဲ့ ငါ့သူငယ်ချင်းမလေး”
Captionကြောင့် ဆည်းဆာတစ်ယောက် စိတ်ကောက်ပြေဖို့ မျှော်လင့်ရမည်။ ရှင်းဖုန်းကို ပိတ်လိုက်တဲ့အချိန် ဆိုင်ပြင်က အလှူခံကျောင်းသားကျောင်းသူအတန်းကြီးကို တွေ့လိုက်ရသည်။ တန်ဆောင်တိုင်နီးပြီမို့ အခုရက်ပိုင်း ရပ်ကွက်အလိုက် အလှူခံတွေရှိနေတတ်သည်။ ရှင်းစားပွဲထိုးမလေးကို အလှူငွေပေးပြီးနောက်မှာ ကျောင်းသားတန်းကြီးကို ထပ်ကြည့်မိလိုက်သည်။ သူတို့တုန်းကဆို အလှူခံတာကို ကျောင်းရှေ့မှာသာ လုပ်ခဲ့ကြပြီး အခုလို နေပူကျဲကြီးထဲကို လျှောက်သွားဖို့လည်း ဆရာမတွေက ခွင့်မပြုခဲ့ဖူးပေ။ ပြီးတော့ အလှူခံတဲ့လူတွေထဲမှာ ယောက်ျားလေးတွေအပြင် မိန်းကလေးတွေလည်းပါသေးသည်။
ဟင်…။ ရှင်းကြည့်နေတုန်း ဆိုင်ရှေ့က ကျောင်းသားတန်းကြီးထဲကနေ ထွက်လာတဲ့ စင်း။ တစ်ကိုယ်လုံးအဖြူရောင် လက်ရှည်နဲ့ဘောင်းဘီကို ဝတ်ထားပြီး ဦးထုပ်အဝိုင်းအဖြူရောင်ဆောင်းထားတဲ့ မိန်းကလေးက တကယ့်ကို စင်းမှစင်းအစစ်။
ရှင်းမျက်မှောင်တွေကြုတ်သွားပြီး ဆိုင်တံခါးဆီ အပြေးသွားကာ တံခါးကိုဆွဲဖွင့်လိုက်သည်။ ရှင်းကို မြင်တော့ စင်းအလန့်တကြားနဲ့ ခေါင်းကိုငုံ့ကာ သူငယ်ချင်းတွေကြားထဲ ဝင်ပုန်းလိုက်သည်။
“အမေပြောတော့ ကိုကိုဒီနေ့ ဆိုင်ခွဲ(၃)မှာရှိနေမှာဆို အခုဘယ်လိုဖြစ်လို့ ဒီရောက်နေတာတုန်း”
စင်းစိတ်ထဲမှာ တစ်ယောက်တည်းမေးခွန်းတွေ ထုတ်နေတုန်း ဘေးကသူငယ်ချင်းတွေဆီကနေ ကြားလိုက်ရတဲ့ အံ့ဩမှုနဲ့အတူ အော်လိုက်ကြတဲ့အသံက “ဆရာ”တဲ့။ စင်းခေါင်းလေးထောင်ကြည့်လိုက်တော့ သူ့အရှေ့မှာ ပိတ်ရပ်နေတဲ့ ကိုပိုင်ကြီး။ ကြည့်ရတာ ကိုကို စင်းကို ခေါင်းလှမ်းခေါက်တာကို ကိုပိုင်ကြီးက ကြားဝင်ခံပေးလိုက်ပုံပေါ်သည်။
“မင်းက ဘာလို့သူ့အစားအခေါက်ခံပေးတာလဲ အခုဖယ်”
“ရှင်းစိတ်ထိန်းစမ်းပါ အခုမင်းညီမရဲ့ အတန်းဖော်တွေအရှေ့မှာနော်။ တစ်ကျောင်းလုံးက အားကျရတဲ့ မိန်းကလေးရဲ့ Imageကို မင်းက ထိခိုက်အောင်လုပ်နေတာပဲ”
ပိုင်ကြီးက အနားကို ကပ်ပြီးခပ်တိုးတိုးပြောတော့ ရှင်းမျက်နှာ မရွှင်မလမ်းနဲ့ ပါးစပ်ပိတ်ပေးလိုက်ရသည်။ အဲ့နောက်မှာ ပိုင်ကြီးကို “စင်းကို ပြောလိုက် ငါအိမ်မှာစောင့်နေမယ်လို့”ဆိုပြီးမှာကာ ဆိုင်ထဲပြန်ဝင်သွားတော့သည်။ မျက်နှာချိုချိုနဲ့ ခရီးသွားဘလော့ဂါလေးဆိုပြီး ခိုးCrushခဲ့ရတဲ့ ကျောင်းသူတွေမှာ ရှင်းရဲ့အခုမျက်နှာကို မြင်ပြီး ကောင်းမွန်တဲ့စိတ်ကူးယဉ်ကောင်လေးပုံစံမှာ ပျောက်ခြင်းမလှ ပျောက်သွားတော့သည်။
အလှူခံကနေ စင်းပြန်လာတော့ စင်းကို ပိုင်ကြီးက အိမ်ပေါက်ဝထိလိုက်ပို့သည်။ စင်းမျက်နှာတွေ နေလောင်လို့နှင့်တူသည်။ စင်းက ပိုင်ကြီးရဲ့ အပေါ်ထပ်ကို ခေါင်းပေါ်ကနေ ခြုံထားသည်။ ရှင်းအိမ်ထဲက လက်ပိုက်ပြီးထွက်လာကာ စင်းကိုမျက်စောင်းခဲရင်း ပိုင်ကြီးကိုလည်း သိပ်အမြင်မကြည်ချင်။ စင်းက မိဘတွေထက် အစ်ကိုဖြစ်သူကို ပိုကြောက်မှန်းသိတော့ ပိုင်ကြီးကလည်း ရှင်းကို ရန်သိပ်မဖြစ်စေချင်။ ထို့ကြောင့် အေးဆေးနှုတ်ဆတ်ပြီး ထွက်သွားဖို့လုပ်တော့ ရှင်းကလည်း ခေါင်းပြန်ညိတ်ပြလိုက်သည်။
ပိုင်ကြီးပြန်သွားတော့ ရှင်းအပေါ်ထပ်က စင်းအခန်းကို သွားကာ တံခါးခေါက်လိုက်သည်။ စင်းက မျက်နှာသုတ်ပဝါနဲ့ ပြန်ထွက်လာသည်။ ရှင်း အခန်းဝကနေ ခုတင်ပေါ်လှမ်းကြည့်တော့ ခုနက စင်းခေါင်းပေါ်ခြုံလာတဲ့ အပေါ်ထပ်အင်္ကျီကို တွေ့လိုက်ရသည်။
“ပိုင်ကြီးရဲ့ အင်္ကျီမလား”
စင်း မဝံ့မရဲနဲ့ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ပြန်ပေးဖို့မေ့သွားတာ…”
“နင်အဲ့လောက်ထိ အပြင်ကိစ္စတွေမှာ အာရုံမများသင့်တော့ဘူး။ ပိုင်ကြီးကလည်း အရမ်းကို အလိုလိုက်လွန်းတယ်”
“ဒီတစ်ခါနောက်ဆုံးပါပဲ ကိုကိုရယ်။ စုံညီပွဲမှာတောင် စင်းမပါတော့ပါဘူး”
စင်းက တက်ကြွတဲ့ ကျောင်းသူတစ်ယောက်ဖြစ်တာကြောင့် လူငယ်ဘဝရဲ့ လုပ်ပိုင်ခွင့်တွေလည်း ရှင်း ပုံမှန်ထက် ပိုပြီးမတားမြစ်ချင်တော့ပေ။
“အေး…ကတိတည်ပါစေနော်။ ပြီးတော့ ပိုင်ကြီးနဲ့လည်း အရမ်းအနေနီးလွန်းတယ်။ ငယ်ငယ်တည်းက ပိုင်ကြီးနဲ့နင်က သူငယ်ချင်းပေါင်းပေါင်းတာဆိုပေမဲ့ အခုကသူငယ်ချင်းလို နေလို့မရဘူး။ အားလုံးရဲ့ အမြင်မှာ ဆရာတပည့်ပဲ”
“ဟင်း…သူတို့အထင်လွဲရအောင်လည်း စင်းက ကိုပိုင်ကြီးကို ကြိုက်နေတာမှ မဟုတ်တာ”
“ဒါက နင့်အပြောလေ ပြီးတော့…”
ရှင်းပြောနေရင်း သူ့စိတ်သူထိန်းကာ အရှိန်ကို ထိန်းလိုက်မိသည်။ မသေချာသေးတဲ့ အကြောင်းအရာနဲ့ ကိုယ့်သံသယကြောင့်နဲ့တော့ စင်းရဲ့ အရိုးခံစိတ်ကို မဖျက်စီးပစ်လိုပေ။ အစ်ကိုတစ်ယောက်အနေနဲ့ ညီမတစ်ယောက်ကို သဝန်တိုစိတ်ရှိတာ မှန်ပေမဲ့ ငယ်စဉ်တုန်းကတော့ ဒီပိုင်ကြီးဆီမှာ စင်းကို စိတ်ချယုံကြည်စွာနဲ့ အပ်နှံခဲ့ဖူးတာ မဟုတ်လား။ အရင်က ကျေးဇူးကိုထောက်ပြီး ရှင်းစိတ်လျှော့ကာ အောက်ထပ်ပြန်ဆင်းသွားတော့သည်။
စင်းကတော့ တွေးနေမိသည်။ ကိုကိုက သူ့ကိုဘာကြောင့် ကိုပိုင်ကြီးနဲ့ စိတ်မချလဲဆိုတာ မပြောတတ်ပေမဲ့ စင်းကြိုက်နေတာက ကိုကို့ရည်းစားဒေါက်တာလင်းစေယံကိုပါ။
»»————><————««
ဇာတ်လမ်းစလွှင့်တဲ့နေ့မှာ ဆည်းဆာက သူငယ်ချင်းတွေကို စိတ်ဆိုးပြေပြီဖြစ်တာကြောင့် ရှင်းတို့ရဲ့အိမ်ဆိုင်မှာသာ တွေ့ဖို့စီစဉ်လိုက်သည်။ ရှင်းရဲ့ ညာဘက်မှာက လင်းစေကရှိပြီး ဘယ်ဘက်မှာကတော့ ပိုင်ကြီးကထိုင်သည်။ မိန်းကလေး လေးယောက်က အတူတန်းစီပြီးထိုင်နေတာမို့ ဒီးဒီးကို အမြင်မကြည်တဲ့ သခင်က စိတ်မချမ်းမသာဖြစ်နေသည်။
ကောင်တာမှာထိုင်နေတဲ့ ဒေါ်ရူပါတို့လင်မယားကတော့ ရှင်းနဲ့ လင်းစေကို ကြည့်ရင်း အကဲခတ်နေကြသည်။
ည(၇)နာရီထိုးတော့ ဇာတ်လမ်းက စလာသည်။ ဆည်းဆာက သူ့ပါးနှစ်ဖက်ကို လက်ဝါးတွေနဲ့အုပ်ရင်း စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ ငယ်ငယ်တည်းက မျက်စိရှေ့မြင်သမျှအကုန် ဝေဖန်ရေးဆင်းတတ်တဲ့ သခင်ကတော့ မိမိရဲ့ သူငယ်ချင်းဆည်းဆာကိုတင်မက မင်းသားဖြစ်သူကိုပါ ထိုင်ပြီးဝေဖန်နေလေသည်။
အဆက်မပြတ်ထိုင်ပြီးပြောနေတာမို့ နားငြီးလာတဲ့ ဒီးဒီးက
“နင့်တရုတ်ကောင်ထက်တော့ အများကြီးသာတယ်”ဟု ပြောပစ်လိုက်သည်။
“နင်ပါလာပြန်လား”
အသံပြဲနဲ့ ထအော်တဲ့ သခင့်အသံကြောင့် အားလုံးလန့်သွားကြပြီး မျက်နှာချင်းဆိုင်က ပိုင်ကြီးကပဲ ဝင်ထိန်းပေးလိုက်ရသည်။
ခဏနေတော့ ထမင်းစားပြီးဆင်းလာတဲ့ စင်းက ဆိုင်ထဲဝင်လာရင်း လွတ်နေတဲ့ ပိုင်ကြီးဘေးမှာ ဝင်ထိုင်လိုက်သည်။
“မမဆည်းဆာ အဲ့ဒါက အခွေထွက်မှာလား”
“အခွေကတော့ မထုတ်ဘူး စင်းလေး။ Onlineကနေတော့ ပြန်ကြည့်လို့ရမယ်”
“ဪ တော်သေးတာပေါ့ စင်းက စာမေးပွဲပြီးမှကြည့်လို့ရမှာမို့လို့”
စင်းစကားပြောရင်း အရှေ့က အအေးခွက်ကို ကောက်မော့လိုက်သည်။
ပိုင်ကြီးက လှည့်ကြည့်ရင်းပြောလိုက်သည်။
“သူခိုးမလေး ငါ့အအေးတွေ ခိုးသောက်နေတယ်”
“ဟီး”
စင်း ပုခုံးလေးပုကာ ရယ်ပြလိုက်ရင်း ဟိုဘက်က အစ်ကိုဖြစ်သူတို့အတွဲကို လှမ်းကြည့်လိုက်မိသည်။ အရှေ့က သခင်က TVထဲက သိမ်မွေ့နေတဲ့ ဆည်းဆာကို ကြည့်ရင်း တဟားဟားနဲ့ ရယ်သည်။
“အမလေး အဲ့ဒါ မိဆည်းဆာတဲ့ သူ့ကိုကြိုက်နေတဲ့ ပရိတ်သတ်တွေသာ အပြင်ကပုံစံကို မြင်ရင် ငုတ်တုတ်မေ့မယ်”
တစ်ယောက်တည်း ပြောပြီးရယ်နေတဲ့ သခင့်အသံကြောင့် အကုန်လုံးဇာတ်လမ်းကို စိတ်မဝင်စားတော့ဘဲ လိုက်ရယ်မိကြသည်။
ရယ်နေတဲ့ ရှင်းကို ဘေးကလင်းစေက မုန့်ခွံ့ကျွေးတော့ ရှင်းက အလိုက်တသင့် ပါးစပ်ဟပေး၏။
ဒေါ်ရူပါကလည်း ထိုမြင်ကွင်းကို မြင်ပြီး တခိခိနဲ့ ကြိတ်ရယ်နေပြီး ဦးမောင်မောင်ကတော့ အနေရခက်စွာနဲ့ ခေါင်းကုတ်နေမိသည်။
တစ်ဖက်က မြင်ပြီး အသည်းကွဲသွားတဲ့ စင်းကတော့ နှုတ်ခမ်းလေးစူရင်း အရှေ့မှာရှိနေတဲ့ အသားလုံးတစ်ခုကို ခရင်းနဲ့ထိုးကာ ဘေးက ပိုင်ကြီးကို ခွံ့လိုက်သည်။
ပိုင်ကြီးလည်း ရုတ်တရက်မို့ အူကြောင်ကြောင်လေးနဲ့ ပါးစပ်ဟမိသွားသည်။
ဒါကိုမြင်တဲ့ ရှင်းက စိတ်မြန်လက်မြန်နဲ့ပဲ ခေါင်းကိုလှမ်းခေါက်သည်။
ထုံးစံအတိုင်း ပိုင်ကြီးက ကြားထဲကနေ ဝင်ခံပေး၏။
ရှင်းစိတ်ဆိုးနေမှန်းသိတော့ စင်းလည်း လျှာထုတ်ပြောင်ပြပြီး အိမ်ဘက်ကို ကူးသွားတော့သည်။
ညီမလေးတစ်ယောက်ရှိတာ တကယ်ကို စိတ်မချရဘူးပဲ။
အိမ်ပြန်ချိန်ရောက်တော့ ဆည်းဆာကို သူငယ်ချင်းတွေအားလုံး ဝိုင်းဆုတောင်းပေးကြပြီး ဆည်းဆာက ဇော်နဲ့ အတူပြန်သွားသည်။ ပိုင်ကြီးကတော့ ခြံရှေ့ကနေ စင်းစာလုပ်နေတဲ့ ပြတင်းပေါက်ကနေ ရပ်ပြီး လက်ပြနှုတ်ဆက်တော့ စင်းကလည်း လက်ပြန်ပြကာ နှုတ်ဆက်သည်။
လင်းစေက ဆိုင်ကယ်နဲ့ လာတာကြောင့် ရှင်းကလည်းသူ့ဆိုင်ကယ်သူ စီးပြီးလိုက်ပို့ပေးချင်သည်။
ဒါကို လင်းစေက လက်မခံ။
“နေပါစေကွာ ပြီးရင်လည်း မင်းက တစ်ယောက်တည်း ပြန်နေရဦးမယ်”
“တစ်ယောက်တည်းပြန်တော့ဘာဖြစ်လဲ ငါကကလေးကျနေတာပဲ”
“ငါကလည်း ကလေးမဟုတ်ဘူးလေ”
“တော်ပြီ တိတ်။ မောင်လိုက်ပို့မယ် အထွန့်မတက်နဲ့”
အချေအတင်ဖြစ်နေကြတုန်း ရှင်းရဲ့နောက်ဆုံးတစ်ခွန်းမှာ လင်းစေတို့အရည်ပျော်တော့တာပဲ။ ဒီလိုနဲ့ရှင်းရဲ့ ဆန္ဒကိုသာ လိုက်လျောပြီး ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ လင်းစေအိမ်ကို သွားဖို့ဖြစ်လာတော့သည်။
အကုန်အိမ်ပြန်သွားတာတောင် မပြန်ရသေးတဲ့ နှစ်ယောက်က သခင်နဲ့ ဒီးဒီးသာဖြစ်သည်။
ဒီးက သခင့်ကို လိုက်ပို့ချင်တာကို သခင်က လက်မခံဘဲ ကားထဲကို အမြန်ဝင်ထိုင်သည်။ ခေါင်းမာတဲ့ ဒီးကလည်း တစ်ဖက်တံခါးကနေ ဖွင့်ဝင်ပြီး ဝင်ထိုင်လိုက်သည်။
“ဟင်… ဒီး နင်ဘာလုပ်တာလဲ အခုဆင်းစမ်း”
“မဆင်းဘူး ငါနင်နဲ့ စကားပြောမလို့”
“ငါ့မှာပြောစရာ မရှိဘူး အခုဆင်း”
“အရမ်းတွေ ငါ့ကိုမမြင်ချင်ဖြစ်နေလည်း ငါအခုပြောမယ်။ ငါနင့်ကို လိုက်မလို့”
ဒီးဒီးရဲ့စကားကြောင့် သခင်ကြက်သေသေသွားပြီး စကားရဲ့ အဓိပ္ပာယ်ကို သိအောင်ကြိုးစားနေမိသည်။ ဒီးဒီး ဘာကိုပြောချင်တာလဲ။
“ကဲ ငါသွားပြီ”
ပြောပြီးကားပေါ်က ဆင်းသွားတာတောင် သခင်က နားမလည်စွာနဲ့ ငုတ်တုတ်ကျန်နေခဲ့တုန်း။
ဒီးဒီးလည်း ရင်တုန်ပန်းတုန်နဲ့ ကိုယ့်ကားကိုယ်မောင်းကာ အမြန်ထွက်သွားရတော့သည်။
‘ငါက ဒီချီးထုပ်မကို ဖွင့်ပြောခဲ့ရတာလား။ ငတုံးမ အခုထိ ငါဘာပြောချင်တာလဲဆိုတာ သိဦးမှာမဟုတ်ဘူး’
ကိုယ့်ဟာကိုယ်ဖွင့်ပြောပြီး တစ်ဖက်က ငတုံးမနားမလည်မှာကိုလည်း စိုးနေရသေးသည်။ ဒီ့ထက်သာ ကြိုပြီး စကားလုံးတွေ ပြင်ဆင်လာမိရင် သူနားလည်အောင် ပြောနိုင်ခဲ့မှာ။
အခုတော့ ငါနင့်ကိုလိုက်မလို့ဆိုတော့ မသိရင် သူ့အိမ်ပဲ ငါက လိုက်ချင်နေသလိုလို။
»»————><————««
လင်းစေရဲ့ ခြံရှေ့ကို ရောက်တော့ နှစ်ယောက်သား ဆိုင်ကယ်ကို ရပ်လိုက်ကြသည်။
“ဟူး…မနက်ဖြန်အလုပ်ဖွင့်ရက်ဆိုတော့ မတွေ့ရပြန်ဘူးပေါ့”
“Video Callနဲ့ မကျေနပ်နိုင်ဘူးလား”
“ဒီမောင်က မင်းမျက်နှာကို အပြင်မှာမြင်ပြီး မျက်ခုံးပေါ်က မှဲ့လေးကို နမ်းကြည့်ချင်တာ ပြောရင်းအခုတောင် နမ်းချင်လာပြီ”
“ဟေး…ဒီမှာတော့ မရဘူးနော် အိမ်ထဲမှာမီးလင်းနေသေးတယ်တွေ့တယ်မလား။ ဒေါ်ဒေါ်မာလာ ပွဲကြမ်းတာကိုမြင်ချင်ရင် စမ်းကြည့်လိုက်လေ”
“တကယ်လား စမ်းကြည့်ရမလား”
တကယ်လည်း ဒေါ်မာလာက အိမ်ပေါ်ထပ်ကနေ လှမ်းကြည့်နေတာဖြစ်သည်။ ခြံရှေ့ရောက်တာတောင် အထဲမဝင်သေးဘဲ စကားရပ်ပြောနေကြတာမို့ ဒေါ်မာလာ ခြံထဲကို အမြန်ဆင်းပြီး လင်းစေဆီကိုလျှောက်လာခဲ့သည်။
ဒါကိုမြင်တဲ့ရှင်းက မျက်နှာပိုးကို အမြန်သတ်ပြီး အေးအေးဆေးဆေးပဲ နှုတ်ဆက်လိုက်သည်။
“အန်တီ မအိပ်သေးဘူးလား”
“အေးကွယ် အိပ်တော့မလို့ပဲ သားကိုစိတ်မချလို့ စောင့်နေတာ”
“အန်တီရယ် သားတစ်ယောက်လုံးရှိတာပဲကို ဘာစိတ်မချစရာရှိလဲ သားက လင်းစေနဲ့ပတ်သတ်ရင် အမြဲတမ်းအတွက် စိတ်ချရပါတယ်”
ရှင်းရဲ့စကား ဘယ်လိုအဓိပ္ပာယ်ဆိုတာ သိနေတဲ့ ဒေါ်မာလာတစ်ယောက် ဟန်တောင်မဆောင်နိုင်ဘဲ မေးဆတ်ပြကာ လင်းစေအားခေါ်သွားတော့သည်။
အိမ်ထဲရောက်တော့လည်း လင်းစေကိုဘာစကားမှ မပြောဘဲ အခန်းထဲ တန်းဝင်သွားသည်။ အမေ့မျက်နှာ မရွှင်လန်းတာကြောင့် လင်းစေလည်းစိတ်ညစ်ညစ်နဲ့ အခန်းထဲက ပြတင်းပေါက်မှာ မတ်တတ်ရပ်တုန်း တစ်နေရာရာကနေ ကိုယ့်နာမည်ခေါ်သံကို ကြားလိုက်ရသည်။
“လင်းစေ ဟေ့ကောင် လင်းစေ”
လင်းစေ လိုက်ရှာရင်း အသံလာရာကို
ငုံ့ကြည့်မိတော့ ခြံထဲကို ရောက်နေတဲ့ ရှင်း။ အရင်တစ်ခေါက်ကလို ခြံစည်းရိုးကို ဖက်တက်လာပြန်ပြီထင်သည်။ ဒီမျောက်လောင်းနဲ့တော့…။ လင်းစေ အနောက်ပေါက်ဘက်ကို လက်ညှိုးညွှန်ပြလိုက်ပြီး သူကိုယ်တိုင်လည်း အိမ်ပေါ်ကနေ တိတ်တိတ်လေးဆင်းကာ နောက်ဖေးတံခါးကို သွားဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ချင်း လင်းစေကို လှမ်းဖက်တဲ့ရှင်း။ အိမ်ကသိမှာစိုးလို့ တိုးတိုးတိတ်တိတ်နဲ့ အဖြစ်သည်းနေတဲ့ လင်းစေကို ရှင်းက စချင်တာကြောင့် ဘေးကနေ အတင်းလိုက်နမ်းသည်။
လင်းစေကလည်း လှေကားဘေးက အခန်းထဲက အမေတို့ကြားသွားမှာစိုးပြီး ရှင်းကို အတင်းရုန်းကာ ငြိမ်ငြိမ်နေဖို့ သတိပေးရသည်။
“ငြိမ်ငြိမ်နေ အပေါ်ကို အမြန်တက် လိုက်နမ်းမနေနဲ့တော့”
“အခန်းရှေ့က လင်းစေလား”
အခန်းထဲကနေ လှမ်းအော်မေးတဲ့ ဖေဖေ့အသံကြောင့် လင်းစေရော ရှင်းပါ လှန့်ဖျန့်သွားပြီး အပေါ်ထပ်ကို အလုအယက် တက်ပြေးရတော့သည်။
“မင်းကိုပြောသားပဲ တိတ်တိတ်နေပါဆို”
အခန်းတံခါးဖွင့်ပြီး အငြိမ်မနေတဲ့ ရှင်းကို အမြန်တွန်းထုတ်ကာ အထဲအရင်ပို့ရသည်။
“လာ အိပ်ကြမယ် ကိုကိုလာ”
ထူးထူးဆန်းဆန်း သူ့ကိုယ်သူ မောင်လို့သုံးလိုက် လင်းစေကိုလည်း ကိုကိုလို့ခေါ်လိုက်နဲ့ နူးညံ့နေသူကို လင်းစေ ကြောင်ကြည့်နေမိသည်။
“မင်းမျက်နှာ မသစ်ဘူးလား”
“သစ်မယ် ကိုကိုသစ်ပေး”
လင်းစေ နားရွက်ဖျားတွေ ရဲတက်လာပြီး ရယ်နေရုံမှတစ်ပါး ဘာမှပြန်မတုံ့ပြန်နိုင်ဘဲဖြစ်နေသည်။
အခန်းတံခါးနားမှာ ပြုံးစေ့စေ့နဲ့ ကြောင်တောင်ကြီး ရပ်နေသူကြောင့် ရှင်း စိတ်မရှည်စွာနဲ့ ရေချိုးခန်းထဲ အမြဲပြေးဝင်သွားလိုက်သည်။
ဘေစင်ရှေ့မှာ ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်ပြီး ဘာတွေလျှောက်လုပ်နေလဲဆိုပြီးတောင် ပြန်တွေးရှက်ရသည်။
လင်းစေစိတ်ညစ်နေမှန်းသိလို့ တမူထူးပြီး ခေါ်ပြောလိုက်ပေမဲ့ ရှက်တဲ့စိတ်က ငယ်ထိတ်တက်ဆောင့်နေလေ၏။
မျက်နှာသစ်ခြေလက်ဆေးပြီး ပြန်ထွက်လာတော့ လင်းစေက အပေါက်ဝမှာ စောင့်နေပြီး ရှင်းကို ရပ်ကြည့်နေသည်။
“ငါပြီးပြီ မင်းသွားသစ်တော့လေ”
“မြန်လိုက်တာ ဆပ်ပြာနဲ့သစ်တာရော ဟုတ်ရဲ့လား”
“ဟုတ်ပါတယ် မျက်နှာရော လက်တွေရောခြေထောက်တွေရော ဆပ်ပြာနဲ့ဆေးတာပါ”
“ဟုတ်လို့လား ငါနမ်းကြည့်မှာနော်”
“ဟမ်”
ရှင်း တဘက်ကို လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ရင်း မျက်လုံးလေးက အခန်းတစ်ခုလုံးကို နှံ့အောင် လျှောက်ကြည့်နေမိသည်။
ရှက်နေတဲ့ ရှင်းကို ကြည့်ပြီး လင်းစေ ပြုံးကာ အရှေ့ကို တိုးလာသည်။
မျက်နှာသစ်ပြီးခါစရဲနေတဲ့ ရှင်းရဲ့ပါးလေးနှစ်ဖက်ကို တစ်ချက်စီ။ ပြီးတော့ ဆံစကနေ ရေတွေတွဲခိုပြီး စီးကျလာတဲ့ နဖူးပြင်လေးကို တစ်ချက်။ ချယ်ရီသီးလို ရဲပြီးလုံးနေတဲ့ နှာထိပ်လေးကိုတော့ နှစ်ချက်။
ရှက်စိတ်ကြောင့် အတင်းဖိပိတ်ထားတဲ့ မျက်ခုံလေးတွေကိုလည်း နှစ်ချက်။
တဘက်ကို အကြောကပ်မတတ် ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို ကိုင်တော့ ရှင်း တစ်ချက်တုန်သွားပြီး မျက်လုံးတို့ ပွင့်လာသည်။
လက်ကလေးနှစ်ဖက်ကို တစ်စုတစ်စည်းတည်းနမ်းကြည့်တော့ ကိုယ့်ဆီက ရနေကျ ကိုယ်သင်းနံ့က သူ့ဆီကနေ ထွက်ပေါ်လာသည်။
အဲ့နောက် ကြမ်းပြင်ပေါ်ထိုင်ချမယ်အလုပ်မှာ ရှင်းက ကိုယ့်လက်နှစ်ဖက်ကို အတင်းဆွဲထားပြီး မျက်လုံးလေးတွေ ဝိုင်းကာ မေးသည်။
“ဘာ…ဘာလုပ်မလို့လဲ”
“မင်းဆပ်ပြာ သုံးမသုံး စစ်နေတာလေ
မျက်နှာရယ် လက်တွေရယ် အခုကျန်တာက ခြေထောက်…”
“မင်း…ရူးနေတာလား”
ရှင်းပြောရင်း ကြမ်းပြင်ပေါ် ဆောင့်ကြောင့်လေးထိုင်ကာ သူ့ခြေထောက်နှစ်ဖက်ကို လက်တွေနဲ့ ဆွဲယူဝှက်ထားလိုက်သည်။
“ခြေထောက်တွေကို ဘာလို့နမ်းမှာလဲ ငါခွင့်မပြုဘူး”
“ဒီတိုင်း…ငါချစ်လို့”
အေးအေးဆေးဆေးနဲ့ ထွက်ပေါ်လာတဲ့ ဖြေဆိုသံမှာ တကယ်ကို လိုလိုလားလားဖြစ်နေဟန်။
“မင်း…မင်းချစ်တာကို ငါသိတယ် အဲ့ဒါကြောင့် ခြေထောက်အထိနမ်းပြစရာ မလိုဘူး”
“ဒါဆို နောက်ထပ်စစ်စရာနေရာ ရှိသေးတယ်”
“ဘယ်နေ…ရာ…လဲ”
“မင်းသွားတိုက်ပြီးပြီလား”
“သွားတိုက်တံအပို မတွေ့လို့…”
“ငါမယုံဘူး ငါ့သွားတိုက်တံနဲ့ တိုက်လာရင် ဘယ်လိုလုပ်မလဲ ငါစစ်ကြည့်မယ်”
“မ…မစစ်”
ရှင်းက ပထမဆုံးသော အရာတွေကို အလေးထားတတ်တာကြောင့် အခုလင်းစေနဲ့ ပထမဆုံးအနမ်းမှာလည်း လှပတဲ့မှတ်ဉာဏ်လေးတစ်ခု ကျန်ခဲ့စေချင်သည်။
တစ်ညလုံး စားထားသောက်ထားတဲ့အနံ့တွေနဲ့တော့ လင်းစေနဲ့ပထမဆုံးအနမ်းကို ရုပ်မဆိုးစေချင်ဘူး။ ဒါပေမဲ့လည်း အခုဘယ်လိုလုပ်ရမလဲ လင်းစေက သူ့မျက်နှာရှေ့ကို တိုးလာနေပြီလေ။
ရှင်း မျက်နှာ အနောက်ကို ဆုပ်ရင်းဆုပ်ရင်းနဲ့ ဟန်ချက်ပျက်ကာ ခြေကားယားလက်ကားယားနဲ့ ကြမ်းပြင်ပေါ် ပက်လက်လန်ကျသည်။
မြောက်တက်သွားတဲ့ ညာဘက်ခြေထောက်ရဲ့ ခြေဖမိုးက နူးညံ့တဲ့ တစ်စုံတစ်ခုကြောင့်နွေးခနဲ။
ရှင်း မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့ခြေဖမိုးပေါ်က လင်းစေရဲ့ နှုတ်ခမ်းလေး…။
လန့်ပြီး ထအော်မိတော့မှာဆိုပေမဲ့ အောက်ထပ်က လင်းစေရဲ့မိဘတွေကို သတိရကာ
ကိုယ့်ပါးစပ်ကို လက်နှစ်ဖက်နဲ့ အုပ်လိုက်မိသည်။
ဖြူလွနေတဲ့ ကိုယ့်ခြေဖမိုးကို ပန်းနုရောင်သန်းနေတဲ့ သူ့နှုတ်ခမ်းနဲ့ တံဆိပ်နှိပ်လိုက်တဲ့ည…။ အဲ့ဒီ့ည။
»»————><————««
“မင်းက ငါ့အပိုင်ပဲ လင်းစေ ငါကလည်း မင်းအပိုင်။ ငါတို့က ဒါကိုသိပြီးသားမို့ နောက်တစ်ခါ ညကလို ခြေထောက်ကို နမ်းတဲ့အထိ မလိုပါဘူး။ မင်းအတွက်ငါက အဲ့လောက်ထိ အဖိုးတန်သလို ငါ့အတွက်လည်း မင်းက တန်ဖိုးရှိတယ်”
“အင်းပါ ငါနားလည်ပါတယ်”
ရှင်း အရင်တစ်ခေါက်ကလိုပဲ ဘယ်သူမှမနိုးခင် အစောကြီးထပြန်လိုက်သည်။
အိမ်ကိုပြန်ရောက်တော့ ဆိုင်ခွဲကို သွားဖို့ လုပ်နေတဲ့မေမေနဲ့ အိမ်ဆိုင်ဖွင့်ဖို့ ပြင်နေတဲ့ ဖေဖေတို့ မနက်စာဝိုင်းမှာ ထိုင်ရင်း ရှင်းအား ပြုံးစေ့စေ့ကြည့်သည်။
လင်းစေအိမ်မှာတည်းက မျက်နှာသစ်လာတာမို့ အရှေ့က သူ့မိဘနှစ်ယောက်ကို လျစ်လျူရှုပြီး စားပွဲမှာဝင်ထိုင်လိုက်သည်။
‘အမေနဲ့အဖေရဲ့ အပြုံးအဓိပ္ပာယ်က ဘာများဖြစ်မလဲ’
ရှင်း ပန်းကန်ထဲက ထမင်းတွေကိုသာ ထိုးဆွရင်း ဟိုကြည့်ဒီကြည့် အကဲခတ်နေသည်။ အဲ့အချိန် သူ့ဘေးမှာ ဝင်ထိုင်တဲ့ စင်း။
မျက်မှောင်ကြုတ်လျက် ရှင်းကို သေချာစူးစိုက်ကြည့်ကာ မေးသည်။
“ညက ဘယ်သူနဲ့အိပ်တာလဲ”
ဟော…။ ဒီပါလေရာငါးပိချက်မက အစ်ကိုဖြစ်သူ ဘယ်မှာအိပ်လဲဆိုတာထက် ဘယ်သူနဲ့အိပ်လဲကို ပိုစိတ်ဝင်စားနေလေသည်။
ရှင်း ဇွန်းကို ခဏချကာ ဘေးကစင်းရဲ့ နဖူးကို ရဲသွားတဲ့အထိ ခပ်စပ်စပ်လေး တောက်ပေးလိုက်သည်။
“အား…နာတယ် စင်းကိုဆို အရမ်းနှိပ်စက်တာပဲ”
“နင်ကရော ဘာတွေလာမေးနေတာလဲ ကိုယ့်ထမင်းကိုယ်မစားဘူး”
နဖူးလေးကို ပွတ်ရင်း ပွစိပွစိနဲ့စူပုပ်နေတဲ့ စင်းဘက်ကနေ အမေနဲ့အဖေကို ကြည့်မိတော့ စင်းအတိုင်းနှယ် မျက်လုံးတွေက စူးစမ်းရိပ်တွေပြည့်လို့။ ရှင်းဘာတစ်ခွန်းမှ မေးမနေတော့ဘဲ စားစရာကိုသာ အာရုံစိုက်မိလိုက်သည်။
သူ့အမေနဲ့အဖေရဲ့ ဘာမှမပြောဘဲ တောက်ပနေတဲ့ မျက်လုံးတွေက အနည်းငယ်တော့ ထူးဆန်းနေသည်။
-မေပုံပြင်ဟန်-
(30.10.2022)
ВЫ ЧИТАЕТЕ
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Любовные романыအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)