(U)
ဒီရက်ပိုင်းအတွင်း စင်းကို မနက်တိုင်း
ကျောင်းလိုက်ပို့တတ်ပြီး ညနေစောင်းလောက်မှ
အိမ်ပြန်လာတတ်တဲ့ ရှင်းကြောင့်
ဒေါ်ရူပါတို့လင်မယားနှစ်ယောက် မသင်္ကာသလိုရှိလာကြသည်။
"သားနေ့တိုင်း ဘာလို့နောက်ကျမှ ပြန်လာတတ်တာလဲ
ခရီးထွက်ဖို့ မစီစဥ်တော့ဘူးလား"
"သားခရီးထွက်တာကို နားထားတယ် အမေ
နောက်လည်း မိသားစုပိုင်လုပ်ငန်းတွေကို
ဦးစီးရမှာပဲဟာ..."
ရှက်ပြုံးလေးနဲ့ သူ့အပြောပေါ်သူ လိပ်ပြာမလုံဖြစ်နေတဲ့
ရှင်းအား ဒေါ်ရူပါနဲ့ ဦးမောင်လေးတို့ ကြည့်ရင်း
တစ်ခုခုဆိုတာ သဘောပေါက်လိုက်ကြသည်။
"အရင်ကဆို ဆိုင်အကြောင်းလာလေ့လာပါလို့ ပြောရင်
ခရီးထွက်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
တစ်ချက်လှည့်မကြည့်တဲ့လူက
အခုမိသားစုပိုင်လုပ်ငန်းတွေအကြောင်း
စိတ်ဝင်စားလာပါတယ်ပေါ့
သားလိမ်နေတာမလား"
"ဟာ...မဟုတ်ပါဘူး အမေရာ သားကဘာလို့လိမ်ရမှာလဲ"
စိတ်ဝင်တစားရှိနေကြတဲ့ မျက်လုံးအကြည့်တို့ကို
ရှောင်လွှဲပြောဆိုပြီး
အခန်းထဲကို သုတ်ခြေတင်ဝင်ပြေးရသည်။
ဒီနေ့က စင်းကျောင်းပိတ်ရက်မို့
ကျူရှင်ရှိတာကြောင့် စင်းကို လိုက်ပို့ပြီး
လင်းစေတို့အိမ်ရှေ့မှာ ဆိုင်ကယ်တဝှီးဝှီးနဲ့
ပတ်မောင်းနေလိုက်သည်။
ဒီအချိန်ဆို ဒေါ်မာလာတို့လင်မယား
တစ်မြို့လုံးမှာ ဖြန့်ကျက်ထားတဲ့ ဓာတ်ဆီဆိုင်ကိစ္စတွေနဲ့
လုံးလည်ချာလည်လိုက်တော့မှာ...။
အိမ်မှာ လင်းစေရှိမှန်း ကြိုသိနေတော့
ဖုန်းမဆက် အကြောင်းမကြားဘဲ အိမ်ရှေ့ကနေသာ
လှမ်းလှမ်းကြည့်နေရသည်။
ဒီလမ်းကို မလာဖြစ်တာ တစ်နည်းအားဖြင့် ဒီခြံရှေ့ကို
မလာဖြစ်တာ တော်တော်တောင် ကြာနေခဲ့ပြီ။
လင်းစေ ရှိမနေဘူးဆိုတဲ့ အသိနဲ့
တမင်ရှောင်လွှဲပြီး မဖြတ်သန်းခဲ့တဲ့ ဒီလမ်း...။
အခုကျတော့လည်း အခေါက်ခေါက် အခါခါ ကူးလူးနေပုံများ
အိမ်ထဲက ဟိုလူ ထွက်ကြည့်ရင် သိပ်ကောင်းပါမည်။
အဲ့အချိန် အပေါ်ထပ်ဝရန်တာကနေ
အပြေးထွက်ကြည့်တဲ့ လင်းစေယံ...။
လင်းစေကို မြင်တော့ ဆိုင်ကယ်ကို ချက်ချင်းရပ်ပြီး
အပေါ်ကိုလှမ်းကြည့်ကာ ရယ်ပြလိုက်သည်။
လင်းစေကလည်း ပြန်ရယ်ပြရင်း
ခဏစောင့်ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်ကာပြကာ
အထဲပြန်ဝင်သွားသည်။
ESTÁS LEYENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Romanceအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)