(U)
‘သူ့ကိုစတွေ့တဲ့ နေ့က မှတ်မှတ်ရရ ကျွန်တော်တို့ခြံထဲမှာ ကံကော်ပန်းတွေ ပွင့်နေတယ်။
ကျွန်တော်ဟာ တအိအိနဲ့ငိုရင်း ကျောင်းကိုရောက်သွားတော့
လူကြီးဆိုက်နဲ့သူက ကျွန်တော့်ကို စကားလာပြောတယ်။
သူ့ဘက်က စတင်တဲ့ ဆက်ဆံရေးမှာ ပိုချစ်တဲ့သူဟာလည်း သူဖြစ်နေတဲ့အတွက် ကျွန်တော်ဝမ်းသာမိတယ်။
မြင့်မြတ်တဲ့ သူ့မေတ္တာကို တစ်ကိုယ်တည်းပိုင်ဆိုင်လာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်နှစ်ခုစာလောက်ဖြစ်နေပြီ။’
အစကတည်းက အဆွေးဓာတ်ခံရှိတဲ့ ဘလော့ဂါမို့ အခုလိုစာတိုစာစတွေ တင်တဲ့အခါမှာလည်း Pageရဲ့Followerတွေက သဘောကျနှစ်သက်ကြသည်။
စီနီယာတွေကလည်း မန့်တွေထဲမှာ ဝင်ရောက်စနောက်ရင်း ရယ်ရယ်မောမောလုပ်ကြသည်။
လာမယ့်စနေနေ့မှာ စံသာမြို့က ဘလော့ဂါတွေချည်းစုပြီး စားသောက်ပွဲကျင်းပကြမှာဖြစ်သည်။
ရှာနေတဲ့လူပြန်လာလို့ ခရီးသွားတာတွေရပ်နားထားတာသာ သိရင် အားလုံးဝိုင်းဆူတာကို ခံရပေဦးမည်။
“ဒီလောက်တောင် အဖြစ်သည်းရသလား”ဆိုပြီး။
ဆိုင်ထဲ လူတွေပိုများလာသည်မို့
ဆိုင်ဝန်ထမ်းမလေးတစ်ယောက်က
မဖွင့်ရသေးတဲ့ TVကို အပြေးအလွှားသွားဖွင့်သည်။
TVမျက်နှာပြင်မှာ ပေါ်တာကို
အမှတ်တမဲ့လှမ်းကြည့်မိတော့ ရေခဲသေတ္တာကြော်ငြာနေတဲ့ ဆည်းဆာကို တွေ့လိုက်ရသည်။
ဆိုင်ထဲမှာ မနက်စာလာစားနေကြတဲ့ လူကြီးတွေကလည်း
“အဲ့ဒါ မေဦးသမီးလေးမလား” ဆိုပြီး အပြန်အလှန်မေးနေကြသည်။
တစ်မြို့လုံးကလူတွေ မျက်မှန်းတန်းမိတဲ့အထိ ထူးခြားလှပတဲ့ ဆည်းဆာက အခုဆိုရင် ဘယ်လောက်များ အူမြူးနေလိုက်မလဲ။
ဒါက သူ့ရဲ့ပထမဆုံး TVကြော်ငြာရိုက်ကူးခြင်း။
ဟိုနေ့က သခင့်အမေပြောပြသလောက် သခင်က ဒီမြို့မှာပဲ ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေပြီး
ဒီးဒီးကလည်း သူ့လုပ်ငန်းသူလုပ်မည်ဟုဆိုသည်။
လင်းစေကလည်း ဆရာဝန်တစ်ယောက်၊ ဇော်ကလည်း ဆည်းဆာနဲ့အတူ ရိုက်ကူးရေးတွေလုပ်ပြီး ကိုယ့်ဝါသနာနဲ့ကိုယ် အသီးသီးဖြစ်နေကြချိန် ရှင်းကတော့ ဘလော့ဂါကနေ ဆိုင်လုပ်ငန်းရှင်အဖြစ်သို့ ကူးပြောင်းနေဆဲဖြစ်နေသည်။
နှစ်မျိုးလုံးကတော့ ဝါသနာပါလို့ မဟုတ်ရပါဘူး။
ချစ်ရသူရဲ့ အခြေအနေကို ကြည့်ပြီး အဆင်ပြေမယ်ထင်တာကို လိုက်ပြောင်းနေရတာ…။
သူရှိမှ ကိုယ်ကလည်း နေတတ်တာလေ။
အတွေးထဲ လင်းစေတစ်ယောက်ပေါ်လာတော့ ရှင်းရဲ့စိတ်ကလေး အလင်းဆောင်လာပြန်ရော။
အဲ့အချိန် ဆိုင်အနောက်ခန်းက ထွက်လာတဲ့ အမေက ကားသော့ကို ယူပြီး ရှင်းကိုပေးလိုက်သည်။
“သားရေ ညီမလေးကျောင်းမှာ မူးလဲလို့တဲ့
သွားခေါ်လိုက်စမ်းပါဦး
နင့်အဖေကလည်း မြို့ထဲကဆိုင်ရောက်နေပြီး အမေကလည်း ချိန်းထားတာလေးရှိလို့”
“ဟုတ်ဟုတ် သားသွားခေါ်လိုက်မယ်”
ရှင်းလည်း ကားကိုပုံမှန်ထက် အနည်းငယ်ပိုမြန်မောင်းလိုက်ပြီး ကျောင်းရှိရာဆီသို့ ဦးတည်လိုက်သည်။
ဒီလောက်နေ့မနား ညမနားစာတွေလုပ်နေမှတော့ ဒီခန္ဓာကိုယ်က ဘယ်ခံနိုင်ပါတော့မလဲ။
ကျောင်းကိုရောက်တော့ ကျောင်းဆေးခန်းက နပ်စ်မလေးက
စင်းကို ဆေးသွင်းပေးထားတာ တွေ့လိုက်ရသည်။
စင်းကလည်း သတိရနေတဲ့ အခြေအနေမို့ “ဆေးသွင်းပြီးရင် ပြန်ခေါ်သွားလို့ရလား” မေးကြည့်တော့ နပ်စ်မလေးက ရကြောင်းပြန်ပြောသည်။
ဒီလိုနဲ့ ပြန်ခေါ်လာရင်း အိမ်ပြန်တဲ့လမ်းနဲ့ လင်းစေရဲ့ဆေးရုံက လမ်းသင့်တာကြောင့် ဆေးရုံထဲ ဝင်ဖို့ လုပ်လိုက်သည်။
“ဆေးရုံထိ ဘာဝင်လုပ်မှာလဲ ကိုကိုကလည်း”
“နင်မရှည်စမ်းပါနဲ့ အားဆေးတွေဘာတွေ မေးရမှာပေါ့
ခဏခဏအားနည်းနေတော့ ဖြစ်မလား”
ဆေးရုံနံ့ကို မုန်းတဲ့ စင်းက မျက်နှာလေး မရွှင်မလန်းနဲ့ ရှင်းခေါ်ရာကို လိုက်လာရတော့သည်။
ကံကောင်းချင်တော့ လင်းစေနဲ့ ကောင်တာရှေ့မှာတင် ပတ်ပင်းသွားတိုးသည်။
“ဪ…လင်းစေ”
တွေ့တွေ့ချင်းဆိုတော့ ရှင်းလည်းမျက်နှာပူသွားပြီး ဘယ်ကနေ စပြောရမှန်းမသိဖြစ်သွားသည်။
လင်းစေက “ဘာဖြစ်လာကြတာလဲ”ဆိုပြီး မေးမှ ရှင်းလည်း စကားဆက်ပြောဖို့ သတိရတော့သည်။
“စင်းလေ ကျောင်းမှာမူးလဲလို့တော့ ဆေးတော့သွင်းထားတယ်
သောက်ဆေးတွေ ဘာတွေများလိုဦးမလားလို့ ဝင်ပြတာ”
“ဪ ဒါဆိုငါတစ်ချက် စမ်းကြည့်ပေးမယ် လာ”
လင်းစေခေါ်တဲ့နောက်ကို ရှင်းတို့မောင်နှမ ငြိမ်ငြိမ်လေးလိုက်သွားကြပြီး
စင်းက လင်းစေရဲ့ နောက်ကျောပြင်ကို ငေး၍သာကြည့်နေမိသည်။
ကျောင်းမှာ လုပ်အားပေးလာလုပ်တည်းက
ကြုံရင်ကြုံသလို ခိုးကြည့်ခဲ့ရတဲ့ ဒေါက်တာကို အခုလိုအနီးကပ်ကြီးမြင်တွေ့ရပြန်တော့လည်း တစ်မျိုးလေး ကြည့်လို့ကောင်းနေပြန်တာပဲ။
အထူးသဖြင့် ဂျူတီကုတ်နဲ့ ပနံသင့်နေတဲ့ သူ့ကျောပြင်ကြီး…။
လင်းစေ ပြတဲ့ ခုတင်ပေါ်မှာ စင်းလှဲလိုက်ပြီး လင်းစေစမ်းသပ်ပြီး ပြောဆိုသမျှ လိမ်လိမ်မာမာနဲ့ နားထောင်မှတ်သားသည်။
အဲ့နောက်မှာ လင်းစေက ဆေးစာရေးပေးလိုက်ပြီး
ကောင်တာမှာ ထုတ်ရန် ပြောကြားသည်။
“စာမေးပွဲက နီးနေပြီမလား အရမ်းကြီးအိပ်ရေးပျက်မခံနဲ့ စိတ်မဖိစီးစေနဲ့”
“ဟုတ်…ဒေါက်တာကိုကြီးလင်းစေယံ”
“အာ…ရပါတယ် ဒေါက်တာထည့်မခေါ်လည်း။ ရှင်းရဲ့ညီမပဲ အစ်ကို့ညီမပဲပေါ့”
“ဟုတ် ဒါဆို အစ်ကို…လင်းစေ”
လင်းစေက နှစ်လိုဖွယ်ပြန်ရယ်ပြတော့
စင်းမှာ ဆောက်တည်ရာမရတော့ဘဲ အသက်ရှူတွေပါ ပိုမြန်လာတော့သည်။
“လာ မိစင်းပြန်ကြမယ် အိမ်ရောက်မှ နားကြတာပေါ့”
အနောက်က ရှင်းက လှမ်းခေါ်တော့ စင်းက ခေါင်းလေးတညိတ်ညိတ်နဲ့ အခန်းပြင်ကို အရင်ထွက်မိသွားသည်။
အခန်းထဲမှာ ဆက်နေနေရင် သူ့တကယ်အသက်ရှူ ရပ်သွားတော့မှာ။
စင်း အခန်းပြင်ကို ထွက်သွားတဲ့ သုံးစက္ကန့်စာအချိန်တိုလေးအတွင်းမှာ လင်းစေက Maskကို ချွတ်ပြီး ရှင်းပါးကို ဖြတ်ခနဲနမ်းလိုက်သည်။
ရှင်းလည်း အခန်းရှေ့ကို တစ်ချက်ကြည့်ရင်း လင်းစေရဲ့ ပါးကို အားကျမခံ ပြန်နမ်းသည်။
ရှင်းလုပ်ရပ်ကို သဘောကျမိတဲ့လင်းစေက နောက်တစ်ကြိမ်ပြန်နမ်းဖို့ အလုပ်မှာ
ရှင်းက သူ့လက်ဝါးနဲ့ လင်းစေမျက်နှာကို တားရင်း
အခန်းပြင်သို့ အမြန်ထွက်လိုက်တော့သည်။
ဒီဒေါက်တာ လူချောလေးက အရမ်းကိုရောက်တတ်တာပဲ။
»»————><————««
ညနေတိုင်း လင်းစေကို သွားကြိုလေ့ရှိတဲ့ ရှင်းက
ဒီနေ့လည်း လင်းစေဖုန်းလှမ်းဆက်မယ့်အချိန်ကိုသာ စောင့်နေမိသည်။
ပုံမှန်ထက် တော်တော်လေးနောက်ကျတော့မှ
လင်းစေဆီက ဖုန်းဝင်လာခဲ့သည်။
“အေး မင်းအလုပ်ပြီးပြီလား”
“ငါအိမ်တောင်ပြန်ရောက်နေပြီ ဒီနေ့အမေက လမ်းကြုံလို့ဆိုပြီး လာဝင်ခေါ်လို့”
“ထူးထူးဆန်းဆန်းပါလား”
“ငါလည်း ထူးဆန်းနေတာ အမေငါတို့အကြောင်းသိသွားလို့များလား”
“သိလို့မဖြစ်ဘူးမလား”
“ငါရင်ဆိုင်နိုင်ပါတယ်”
“ရင်ဆိုင်နိုင်တာမှန်ပေမဲ့ မင်းကို ငါ့အဝေးထပ်ပို့လိုက်မှာပဲ စိုးတာ
ဒီ့ထက်ဘာကိုမှ မကြောက်ဘူး”
“ငါလည်း မကြောက်ဘဲနေပါ့မလား
အလင်းပျောက်တဲ့ တိုင်းပြည်လို ခံစားချက်မျိုးက
မင်းမရှိမှ သိရတဲ့ ငါ့ဘဝလိုပဲ
ငါတကယ်ပင်ပန်းလွန်းလို့…”
“ရပြီလေ ဒီလောက်ထိ အပြန်အလှန်လိုအပ်တာနဲ့တင် အခက်အခဲတွေကို ရင်ဆိုင်ဖို့ လုံလောက်နေပြီ။
ရေချိုးပြီး နားလိုက်တော့ ညကျမှ စကားဆက်ပြောကြမယ်”
»»————><————««
တိတ်ဆိတ်တဲ့ ရပ်ကွက်ထဲမှာ ညကိုးနာရီဆိုတာနဲ့
လူခြေတိတ်ဆိတ်ပြီး လူသွားလူလာ ကင်းရှင်းသည်။
အဲ့အချိန် လမ်းထဲကို တိတ်တဆိတ်လမ်းလျှောက်ဝင်လာတဲ့ လူငယ်လေးတစ်ယောက်လည်း ရှိနေသည်။
ခြံက လမ်းစွံမှာဖြစ်တဲ့အတွက် ဘေးခြံစည်းရိုးကနေ ကုပ်ဖက်တွယ်တက်ပြီး အောက်ကို အသံတိတ်ခုန်ချလိုက်သည်။
တစ်ချိန်က အချစ်သူရဲကောင်းကြီး လင်းစေယံလည်း ကျောင်းနံရံကို အခုလို တွယ်တက်ခဲ့ဖူးသည်။
အခုတော့ ကိုယ့်အလှည့်ပေါ့။
ရှင်း ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရင်း
လင်းစေအခန်းရှိရာကို မော့ကြည့်လိုက်သည်။
ပြီးတော့ လင်းစေဆီကို Messageလှမ်းပို့လိုက်၏။
“ငါမင်းခြံထဲရောက်နေတယ် အခန်းထဲဘယ်လိုဝင်ရမလဲ”
Messageကို မြင်မြင်ချင်း လင်းစေ အရမ်းလန့်သွားပြီး
အခန်းပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်သည်။
ပြီးတော့ စာပြန်ပို့လိုက်သည်။
“ဘယ်လိုဝင်လာတာလဲ အမေမြင်ရင် သတ်တော့မှာပဲ”
“ငါ့ကို အထဲပေးဝင်ဦး”
“ခဏလေး ငါအနောက်တံခါးဖွင့်ပေးမယ် မီးဖိုချောင်ဘက်ကို လာခဲ့”
လမ်းစေ အိမ်ပေါ်ကနေ ခြေဖွဆင်းပြီး အိပ်ခန်းထဲက အဖေနဲ့အမေ မနိုးအောင်
သတိထားသွားရသည်။
မီးဖိုချောင်တံခါးကို ဖွင့်လိုက်တဲ့အချိန် Hoodieခေါင်းစွပ်ကြီးနဲ့ မှောင်ရိပ်ခိုနေတဲ့ ရှင်းကို အထဲဆွဲသွင်းလိုက်သည်။
အဲ့နောက် နှစ်ယောက်သား အပေါ်ထပ်ကို အတူတက်ကြရင်း လင်းစေ အခန်းထဲသို့ ဝင်သွားကြတော့သည်။
“မင်းဘယ်လိုရောက်လာတာလဲ
သူခိုးလို့ဝိုင်းမစွပ်စွဲတာ ကံကောင်း”
“မင်းကို တွေ့ချင်လို့လာတာပေါ့
အခုမှ အလွမ်းပြေတော့တယ်”
မိမိပါးနှစ်ဖက်ကို စိတ်လိုလက်ရနဲ့
လာဆွဲညှစ်တာကြောင့် လင်းစေ ကြောင်တောင်တောင်လေးဖြစ်သွားသည်။
“ဒီအရူးပေါက်စကတော့ စိတ်ရှိတိုင်းကို လုပ်နေတော့တာပဲ”
“ငါဒီည ဒီမှာအိပ်မှာနော် မင်းနဲ့…”
“တကယ်လား ငါ့ကိုမကြောက်ဘူးလား”
“ကြောက်စရာလား”
“ကြောက်စရာမဟုတ်ဘူး ချစ်စရာ”
“သိသားပဲ”
ရှင်းက စကားပြောရင်း ခုတင်ပေါ်တက်ထိုင်ကာ သူ့ဘေးနေရာကို လက်နဲ့ပုတ်ပြသည်။
“လာလေ”
လင်းစေ သဘောတကျနဲ့ ရယ်မောလိုက်ရင်း ရှင်းဘေးမှာ မြန်မြန်လေးဝင်ထိုင်လိုက်ကာ
ရှင်းရဲ့ကိုယ်ကို ဆွဲလှဲလိုက်သည်။
နဂိုတည်းက သူ့လက်မောင်းနဲ့ ဆွဲလှဲလိုက်တာကြောင့်
ရှင်းက အလိိုလိုနေရင်း လင်းစေလက်မောင်းကြားထဲရောက်သွားတော့သည်။
“မင်းလူလည်ကျပြန်ပြီ”
“ကလေးကို ဖက်ထားချင်လို့”
“ငါ့ကလေးမဟုတ်ဘူး မင်းသာကလေး”
“ကိုကိုလို့ခေါ်စမ်းပါ”
“အရူး ရူးနေတာလား ဘာတွေလာခေါ်ခိုင်းနေတာလဲ ငါပြန်မယ် လွှတ် ပြန်မယ်”
လက်နှစ်ဖက်နဲ့ အတင်းတွန်းရင်း စွေ့စွေ့ခုန်နေတဲ့ ရှင်းကို
လင်းစေက ပိုတင်းဖက်လိုက်ရင်း
ဆံပင်တွေကြားထဲ နှာဖျားနှစ်ကာ နမ်းရှုံ့ပစ်သည်။
“မောင်က အရမ်း စလို့ကောင်းတာပဲ”
“ငါက မင်းရဲ့ ကစားစရာလား”
“မဟုတ်ဘူး ချစ်စရာ”
“မင်းလေ အမြင်ကပ်ဖို့ကောင်းလောက်အောင် စကားတတ်လွန်းတယ်”
“…”
“ဘာလို့စကားတွေ တတ်နေတာလဲ ဟမ်”
“…”
“ငယ်ငယ်တည်းက Flirtတဲ့နေရာမှာ အရမ်းကျွမ်းတာလေ
ငါ့ကိုဆို ညာညာပြီး နမ်းတာ
ချစ်တယ်လို့လည်း ခဏခဏပြောခိုင်းသေးတယ်”
“…”
“ငါကလည်း မင်းပြောသမျှဆို ယုံပြီး လိုက်လုပ်တော့တာပဲ
ဒါဆို ပြုစားတဲ့နေရာမှာပါ မင်းကအရမ်းတော်နေပြီ
အီတာလည်း တော်တယ် ပြုလည်းပြုစားတတ်သေးတယ်
အယုံကလည်းသွင်းတတ်သေးတယ်
မင်းမလုပ်တတ်တာ ဘာရှိလဲ ဟမ်”
“မင်းကိုတော့ စကားမများအောင် မထိန်းနိုင်ဘူး။
အိပ်တော့ ကလေးလေး မနက်အလုပ်ရှိသေးတယ်မလား”
ချက်ချင်းဆိုသလို ပါးစပ်တန်းပိတ်သွားတဲ့
ရှင်းက မျက်နှာကြီး ရဲတက်လာပြီး လင်းစေကို ဘယ်လိုဆဲရမလဲသာ ခေါင်းထဲပြည့်နေတော့သည်။
ကိုယ်က ဘယ်လောက်ပဲ ကျားကျားယားယားနေနေပါစေ သူ့ပါးစပ်ထဲရောက်ရင် ကလေးဆိုတာချည်းပဲ…။
ဒီခွေး…..။
_မေပုံပြင်ဟန်_
(5.10.2022)
BINABASA MO ANG
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]