မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၅)
"ဂျီမင်း မအိပ်သေးဘူးလား"
"အိပ်မပျော်ဘူးဖြစ်နေလို့"
"မနက်ဖြန်ကြောင့်လား"
ဂျီမင်းက ဘာမှပြန်မဖြေခဲ့ပါ။ အလုပ်တန်းလျားရဲ့ ပြတင်းပေါက်ကတဆင့် ကင်မ်အိမ်တော်ကြီးရှိရာဘက်ကို လှမ်းကြည့်လိုက်တော့ မီးတွေ ထိန်လင်းနေသည်မှာ မျက်စိကျိန်းမတတ်။
"နှစ်ယောက်လုံးက ငယ်သေးတာကို ဘာလို့ပေးစားကြလဲမသိဘူး"
အလုပ်တန်းလျားရဲ့ မိသားစုဝင်တစ်ဦးက နားမလည်သလိုပြောလာသည်။ ဂျီမင်းလည်း ဒီလိုပဲ ထင်မိတယ်။ ကင်မ်ရော ဒီဗီဆာရောက အခုမှ အသက်နှစ်ဆယ်စွန်းရုံလေးတွေရှိကြသေးတာ။
"ဒါပေမဲ့လည်း လိုက်ဖက်ပါတယ်လေ။ ရွှေရွှေချင်းထပ်တော့ မြတ်တာပေါ့"
ဟုတ်ပါတယ်လေ။ ရွှေကို ရွှေနဲ့ထပ်မှ တင့်တယ်ပြီး လိုက်ဖက်မှာပေါ့။ မနက်ဖြန်ကျရင်တော့ ဒီမင်္ဂလာပွဲက သေချာပေါက် သူတို့တစ်နယ်လုံးမှာ တောမီးလောင်သလို ပျံ့သွားဦးမှာပဲ။ အခုတောင် ဘယ်သွားသွား ကင်မ်တို့ရဲ့ မင်္ဂလာပွဲအကြောင်းပဲ ပြောနေကြတာမလား။
"ဒါနဲ့ ဂျီမင်းသိလား"
ခေါင်းရမ်းပြလိုက်သည်။ ကောင်မလေးက ပါးစပ်ကို လက်အုပ်ကာ သူ့အနား တိုးလာရင်း ခပ်တိုးတိုးပြောလိုက်သည့်စကားကြောင့် ဂျီမင်းရဲ့မျက်လုံးတွေ ပြူးကျယ်သွားရတော့သည်။
"တကယ်ကြီးလား!"
"ရှူး တိုးတိုးနေပါဟ"
ကောင်မလေးပြောတာက ကင်မ်ရဲ့ မင်္ဂလာပွဲကို မိုင်ရာမီရဲ့ ဘုရင်နဲ့ ဘုရင်မတို့လည်း တက်ရောက်မယ်တဲ့။ ဒီသတင်းသာ တကယ်ဆိုရင် ဂျီမင်းအတွက် မိုင်ရာမီအထိ သွားစရာမလိုတော့ဘဲ မိုင်ရာမီရဲ့ ဘုရင်နဲ့ဘုရင်မကို မြင်နိုင်မဲ့ အခွင့်အရေးတစ်ခုပဲ။
အတွေးတွေကြား တစ်ညလုံး အိပ်လို့ပင်မပျော်။ မိုင်ရာမီရဲ့ ဘုရင်နဲ့ ဘုရင်မက ဘယ်လိုပုံစံရှိမလဲဆိုတာကို ပုံဖော်ကြည့်ရင်း ရင်တွေတလှပ်လှပ်။ သေချာပေါက် ကျက်သရေရှိပြီး လိုက်ဖက်နေမှာပဲ။ ကင်မ်နဲ့ ဒီဗီဆာလိုပေါ့။