မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၄)
“ဂျီမင်းရေ ဧည့်သည်ရောက်နေတယ်”
“လာပါပြီ”
ညနေစောင်းချိန် အလုပ်တန်းလျားက မိသားစုဝင်တစ်ယောက်ရဲ့ အော်သံကြောင့် ကင်မ်ငှားပေးသည့် မိုင်ရာမီအကြောင်းစာအုပ်လေးကို အိပ်ရာဘေး ချထားခဲ့ရင်း အိမ်လေးထဲမှ ပြေးထွက်ခဲ့သည်။
“ဒီဗီဆာ. . .”
နာမည်ကို ခေါ်လိုက်တာမဟုတ်ပေမဲ့ သူ့ဆီက ခပ်တိုးတိုး ရေရွတ်သံကြောင့် ဒီဗီဆာက ကြားသွားပြီး ကျောပေးထားရာမှ လှည့်ကြည့်လာသည်။ ထို့နောက် သူ့ကိုမြင်သွားတော့ ခါတိုင်းလိုပဲ အလှဆုံးပြုံးပြလာသည်။
“ဟိုင်း ဂျီမင်း”
“ဒီအထိရောက်လာတာ ကိစ္စတစ်ခုခုရှိလို့လားမသိဘူး”
“ဒီည ပြဇာတ်ရုံမှ ဇာတ်ကားအသစ်တင်ထားတယ်လို့ ကင်မ်ကပြောတယ်။ တို့နဲ့အတူတူ လိုက်ကြည့်ပေးချင်လား ဂျီမင်း”
“ဗျာ”
ရုတ်တရက်ကြီးမို့ ဂျီမင်းလည်း ဘာပြန်ဖြေရမယ်မသိ။ ဒီဗီဆာကတော့ သူ့ဘက်က ပြန်ဖြေလာမည့်အဖြေကို တလက်လက်တောက်ပနေသည့် မျက်ဝန်းအစုံကြား စိတ်ရှည်လက်ရှည်ပဲ စောင့်ဆိုင်းပေးနေခဲ့သည်။
ဘယ်လိုပဲတွေးကြည့်ကြည့် ဂျီမင်းအနေနဲ့ ငြင်းလို့မကောင်းဘူးထင်တယ်။ ဒီဗီဆာကိုယ်တိုင်က သူနေတဲ့ အလုပ်တန်းလျားအထိ တကူးတကလာခေါ်နေတာမလား။ ပြီးတော့ သူငြင်းလိုက်လို့ ဒီဗီဆာ အရှက်ရသွားမှာကိုလည်း တွေးပြီး စိုးရိမ်ရပြန်တယ်။
“ဒါဖြင့် ကျွန်တော် အဝတ်အစားလဲလိုက်ဦးမယ်”
“ကောင်းပါပြီ ဂျီမင်း”
အိမ်လေးထဲ ပြန်ဝင်ခဲ့တော့ ဂျီမင်းက သက်ပြင်းချလိုက်တယ်။ သူက အပြင်ထွက်ရတာတွေ သိပ်မကြိုက်ဘူးလေ။ အားလပ်ချိန်တွေမှာ မိုင်ရာမီအကြောင်း စာအုပ်တွေကိုပဲ အလွတ်ရမတတ် ဖန်တရာတေအောင် ထိုင်ဖတ်နေတတ်သူကိုး။
