မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း ခုနှစ်
သို့. . . ကင်မ်
ကင်မ် နေကောင်းကျန်းမာပါရဲ့လား။ မိုင်ရာမီရဲ့ ရာသီဥတုကရော ဘယ်လိုရှိသလဲ။ ကင်မ် စာတွေလေ့လာရတာရော အဆင်ပြေရဲ့လား။ အခုဆို ဒီဗီဆာလည်း သက်သာလာပါပြီ။ ဒါကြောင့် ကင်မ် စိတ်မပူပါနဲ့။
ကျန်းမာရေး ဂရုစိုက်ပါ ကင်မ်။ ကင်မ်ပေးထားတဲ့ စာအုပ်လေးကိုလည်း နေ့တိုင်းဖတ်ဖြစ်ပါတယ်။ ကင့်မ်ကိုလည်း တစ်နေ့မပြတ် သတိရနေပါတယ်။ဝါလ်တန်မှ
ဂျီမင်း။စာရွက်လေးကို ဖြန့်ကာ နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပြီးသည်နှင့် ဝါလ်တန်မြို့တံဆိပ်ပါသည့် စာအိတ်ဖြူဖြူလေးထဲ အသေအချာ ခေါက်ထည့်လိုက်သည်။
ထို့နောက် လွယ်နေကျ အိတ်လေးကို စလွယ်သိုင်းကာ စာတိုက်ဆီသွားဖို့ အလုပ်တန်းလျားလေးထဲက ထွက်ခဲ့လိုက်သည်။ လက်ထဲကိုင်ထားသည့် စာအိတ်ဖြူလေးကို ငုံ့ကြည့်နေမိတာ ခဏခဏ။
ပထမဆုံးပို့တဲ့စာမို့ ဘာရေးရမလဲဆိုတာ သေချာမသိ။ ဘာပဲဖြစ်ဖြစ် အခုလိုလေးလည်း အဆင်ပြေမှာပါ။ အရမ်းကြီး မရှည်သလို အရမ်းကြီးလည်း တိုတောင်းမနေဘူးလေ။
“ဟေး ဂျီမင်း!”
ပန်းခင်းတွေကြားထဲက အလုပ်သမားတွေက သူ့နာမည်ကို သံပြိုင်အော်လာတော့ ဂျီမင်းက လက်ဝှေ့ယမ်းပြလိုက်သည်။ မျက်လုံးထဲ မြင်မြင်သမျှတိုင်းက ဂျီမင်းအတွက်တော့ လှပပြီး စိတ်ပျော်စရာကောင်းလွန်းနေသည်။
လွန်ခဲ့တဲ့ညတုန်းက ကင်မ်ပေးခဲ့တဲ့ ဘူတာရုံဘေးက အနမ်းတစ်ပွင့်ကို သတိရမိတော့ မိုးအုံ့နေသည့်တိုင် ဂျီမင်းမျက်နှာလေး အလိုလိုနွေးခနဲ။ ကင်မ်က ရင်ခုန်စရာသိပ်ကောင်းလွန်းတယ်။
ကင်မ်လည်း သူ့အပေါ် ထပ်တူညီတဲ့ ခံစားချက်မျိုးရှိနေမယ်လို့ ဂျီမင်းက ယုံကြည်ခဲ့တယ်။ ကင့်မ်ကို သိပ်လွမ်းလိုက်တာ။ ဈေးထဲ ပန်းသွားသွင်းတော့လည်း ကင်မ်ရှိနေကျ ပန်နာဆီရာ စာအုပ်ဆိုင်ရှေ့တောင် ရောက်ခဲ့ပါသေးတယ်။