မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၁၁)
"အစ်ကိုတော်!"
မိုင်ရာမီနန်းတော်ရဲ့ အိမ်ရှေ့စံ မင်းသားအာရွန်နေထိုင်ရာ အဆောင်။ ထိုအဆောင်ထဲတွင် အိမ်ရှေ့စံ နားခိုရန်အတွက် ပြုလုပ်ပေးထားတဲ့ ပန်းခြံငယ်တစ်ခုရှိသည်။
ယခုအခါ ထိုပန်းခြံလေးထဲ အော်ရယ်(လ်)လာက ဂါဝန်ဖားဖားကြီးဖြင့် အပြေးအလွှားဆိုသလို ရောက်လာခဲ့သည်။ ပန်းခြံထဲမှာ အစ်ကိုတော် ပန်းချီဆွဲနေတာကို မြင်တယ်လို့ အထိန်းတော်တွေက ပြောခဲ့တယ်မလား။
"အစ်ကိုတော်"
ခေါ်သံကြောင့် မင်းသားအာရွန်က အော်ရယ်(လ်)လာကို ခေါင်းငဲ့လှည့်ကြည့်လာသည်။ ရွှေရောင်ဆံပင်ရှည်လေးများနဲ့ အော်ရယ်(လ်)လာက ကပြားမလေးဖြစ်ကာ မျက်လုံးပြာပြာလေးတွေကိုလည်း ပိုင်ဆိုင်ထားသည်။
"ပန်းချီဆွဲနေတာလား"
"အင်း"
မင်းသားအာရွန်အတွက် အလှပဆုံးဖြစ်အောင် မနက်ကတည်းက ထပ်ကာထပ်ကာ ပြင်ဆင်ခြယ်သထားတဲ့ အော်ရယ်(လ်)လာက စူးစမ်းသည့်အနေနဲ့ ပန်းချီကားထဲကလူကို ကြည့်လိုက်သည်။ သူ(မ) တစ်ခါမှ မမြင်ဖူးတဲ့လူပဲ။
"ဘယ်သူလဲဟင်"
မင်းသားအာရွန်က မေးခွန်းကို ပြန်မဖြေသေးဘဲ ပုံကို လက်စသတ်နေသည်။ အော်ရယ်(လ်)လာသည် ပုံနဲ့ပတ်သတ်ပြီး ဘာမှနားမလည်သေးသည့်တိုင် ဆယ်ကျော်သက်လေးပီပီ သဘောကျရသူအနားနေရရုံနဲ့ အပျော်ကြီးပျော်နေခဲ့သည်။
"အသိလား"
အော်ရယ်(လ်)လာက မေးခွန်းရှာကြံကာ ထပ်မေးသည်။ ပုံကိုကြည့်ရင်း ကြွေကျလာသည့် အပြုံးတစ်ပွင့်နဲ့အတူ အာရွန်က နှုတ်ဆိတ်နေဆဲ။
"ညီမလေးကိုလည်း ဆွဲပေးပါဦး"
"ဒီနေ့တော့ မရသေးဘူး"
"ဒါဆို ဘယ်နေ့အားလဲ"
"မပြောတတ်ဘူး"