မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၈)
“ဂျီမင်း”
“ရှိပါတယ်”
“ဒီရက်ပိုင်း ကင်မ်နဲ့ အဆက်အသွယ်လုပ်ဖြစ်ရဲ့လား”
“ဗျာ”
ရုတ်တရက်ကြီး ကောက်ကာငင်ကာ ထမေးလိုက်တဲ့ ဒီဗီဆာ့ရဲ့မေးခွန်းကြောင့် ဂျီမင်း မျက်လုံးပြူးသွားရသည်။ မဟုတ်မှ ဒီဗီဆာက ကင့်မ်နဲ့သူ့ကြားမှာ စာပေးစာယူဆက်သွယ်ရေး ရှိနေတာကို ရိပ်မိနေခဲ့တာလား။
“ဟုတ်ကဲ့၊ ကျွန်တော်တို့ စာပို့ဖြစ်နေတာပါ”
ဒီဗီဆာကိုတော့ မလိမ်ချင်တာမို့ အမှန်အတိုင်းဖွင့်ပြောလိုက်သည်။ ပြောပြီးပြီးချင်း မျက်နှာကိုလည်း ငုံ့ထားမိသည်။ ရဲတင်းလိုက်တာလို့များ ထင်သွားလေမလား။ အကြောင်းမှာ ကင်မ်က ဒီဗီဆာရဲ့ သတို့သားလောင်း။
“အဆင်ပြေကြတယ်မလား”
“ဗျာ”
အရိပ်ကောင်းသည့် ဝက်သစ်ချပင်အကြီးကြီးအောက်က ခုံတန်းလေးထက် နလန်ထကာစ ဒီဗီဆာက ထိုင်နေပြီး ဂျီမင်းကတော့ သူ(မ)ဘေးမှာ။
“ကင်မ်နဲ့ အဆင်ပြေကြတယ်မလားလို့မေးတာပါ”
“အဲ့ဒါက. . .ဟုတ်ကဲ့ ပြေပါတယ်”
ဘယ်လိုသဘောတရားတွေနဲ့ ဒီဗီဆာက သူ့ကို အခုလိုတွေ မေးနေလဲဆိုတာ ဂျီမင်းမသိ။ ပကတိရှင်းသန့်ကာ ကြည်လင်နေတဲ့ ဒီဗီဆာ့မျက်နှာလေးက ဘာဟန်ဆောင်ဖုံးကွယ်ထားမှုမှ မရှိသည့်အလား။ ဒါကြောင့် ဒီဗီဆာ့ကို သူ အကြွင်းမဲ့ ယုံချင်ပါတယ်။
“ကင်မ်နဲ့ စသိတုန်းက တို့တွေ ဆယ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်”
ဒီဗီဆာက လွမ်းမောဖွယ်ရာ အကြောင်းအရာတစ်ခုလိုမျိုး အဝေးကိုငေးရင်း စကားစပျိုးလိုက်သည်။ ဂျီမင်းကတော့ ဆိတ်ငြိမ်စွာ နားထောင်နေရင်း။
“အဲ့ကတည်းက ကင်မ်က လူကြီးပေါက်စလေးလိုပဲ၊ တွေ့လိုက်တိုင်း လက်ထဲမှာ အမြဲ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ဖတ်နေတတ်တယ်”
