မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၁၅)
“တစ်ဆိတ်လောက်ပါ။ ဒီနေရာကို ဘယ်လိုသွားရလဲဟင်”
မိုင်ရာမီမြို့ကြီးကို ရောက်သည်နှင့် စာရွက်ထဲက လိပ်စာကိုပြကာ စမ်းတဝါးဝါးဖြင့် ဟိုလူ့လိုက်မေး၊ ဒီလူ့လိုက်မေး။ မြို့ခံတစ်ယောက်ချင်းစီရဲ့ လမ်းညွှန်မှုတွေက သူလို အစိမ်းသက်သက်လူအတွက် အနည်းနဲ့အများဆိုသလို အကူအညီတော့ဖြစ်သား။
“နောက်ဆုံးတော့ ရောက်ပြီ”
“ဗာနိုရာ”အမည်ရသည့် မြင့်မြင့်မားမား တည်းခိုဆောင်ကြီးကို မော့ကြည့်ပြီးနောက် တံခါးအသာတွန်းဖွင့်ရင်း အထဲကို ဝင်ခဲ့လိုက်သည်။
“ကြိုဆိုပါတယ် ဧည့်သည်ရှင့်”
ဂျီမင်းသည် မနေတတ်စွာ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။ မိုင်ရာမီက တည်းခိုဆောင်တွေရဲ့ သဘောတရားကို သူ နားမလည်သေး။ ဆင်တူ တံခါးလေးတွေဆိုတာလည်း အများကြီးပဲ။
“အခန်းငှားဖို့အတွက်လားမသိဘူးရှင့်”
“အာ ဒီဟာပါ။ ကင်မ်ထယ်ယောင်းနာမည်နဲ့”
အိတ်ထဲက အခန်းနံပါတ်ပါသည့် စာရွက်လေးတစ်ရွက်ကို ထုတ်ကာ အလုပ်သမားလေးဆီ လှမ်းပေးရင်း ပြောလိုက်သည်။
“အာ ကင်မ်ထယ်ယောင်းနာမည်နဲ့လား”
“ဟုတ်ကဲ့၊ မှန်ပါတယ်”
“ဒီဘက်ကို ကြွခဲ့ပေးပါ”
“ဟုတ်ကဲ့”
ဝန်ထမ်းလေး ခေါ်ဆောင်ရာနောက် လိုက်ခဲ့ရင်း ဘာမှန်းမသိတဲ့ အခန်းသေးသေးလေးထဲ ဝင်တော့ ဂျီမင်းလည်း မရဲတရဲခြေလှမ်းကာ လိုက်ဝင်ခဲ့သည်။ အခန်းမဟုတ်ဘူး။ ဒါက ဓာတ်လှေကားပဲ။
ဝန်ထမ်းလေးက ခလုတ်တွေနှိပ်လိုက်သည်နှင့် ဓာတ်လှေကားက ရိပ်ခနဲမြင့်တက်သွားသည့် တခဏ ဂျီမင်း အနည်းငယ် လန့်သွားရသည်။ ပထမဆုံးမို့ ထင်ပါတယ်။
တရွေ့ချင်း တရွေ့ချင်း အပေါ်ကို တက်နေသည့် ဓာတ်လှေကားလေးထဲ ဂျီမင်းက အပေါ်ကြည့်လိုက်၊ ဘေးကြည့်လိုက်၊ အရှေ့ကိုကြည့်လိုက်နှင့် မျက်လုံးလေးနှစ်လုံးမှာ မအားလပ်နိုင်ခဲ့။