မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၂၂)
“ကင်မ်ထယ်ယောင်းက ဘယ်လိုဖြစ်ပြီး နာမည်စာရင်းထဲပါနေရတာလဲ!”
မြို့စားမင်းရဲ့အသံက ဟိန်းခနဲထွက်လာသည့်အခါ အခန်းထဲရှိလူအကုန် ခေါင်းပင်မဖော်ရဲကြတော့။ တောက်တခေါက်ခေါက်ဖြစ်နေသည့် မြို့စားမင်းက မီးခဲပေါ် ယမ်းကျသည့်နှယ်။
“မင်းတို့ အလုပ်ကိုသေချာမလုပ်ကြဘူးလား”
“မဟုတ်ပါဘူး မြို့စားမင်း။ အခုစာမေးပွဲမှာ ကင်မ်ထယ်ယောင်းနာမည်တွေ တအားများနေတာရယ် ပြီးတော့ စာမေးပွဲနှစ်ရက်လုံးလည်း ကျွန်တော်တို့ လူသေချာစစ်ကြည့်ခဲ့ပါတယ်”
“နောက်ဆုံးရက်ကျမှ သူဝင်ဖြေသွားတာလို့ပြောချင်တာလား”
“အဲ့ဒါက”
“မင်းတို့ကို သေးသေးလေးတောင် မပေါ့လျော့နဲ့လို့ ငါအတန်တန်မှာထားတယ်မလား”
ပြောပြီးသည်နှင့် တောက်တစ်ချက် ထပ်ခေါက်လိုက်သည်။ ကင်မ်ထယ်ယောင်းက တကယ်ကို ချီးကျူးလောက်ပါပေတယ်။ ဒီလောက် မရမက တားဆီးနေတဲ့ကြားက နန်းတော်ထဲကို ဝင်ခွင့်အောင်သွားခဲ့တာမလား။
“သေချာပေါက် အကူအညီပေးနေတဲ့သူရှိမှာ”
“ကျွန်တော်တို့ စုံစမ်းလိုက်ရမလား မြို့စားမင်း”
“ကင်မ်ထယ်ယောင်းကို သေးသေးလေးကအစ ကူညီပေးတဲ့သူအကုန် စုံစမ်းလာခဲ့”
“ဟုတ်ကဲ့ပါ မြို့စားမင်း”
စားပွဲပေါ် လက်ထောက်ကာ မျက်မှောင်နှစ်ခု ထိကပ်သွားသည်အထိ ကြိတ်မနိုင် ခဲမရဖြစ်နေခဲ့သည်။
“မြို့စားမင်း ဒီဟာလေး”
အသံလာရာကို လှမ်းကြည့်လိုက်တော့ အလုပ်သမားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအလုပ်သမားလေးက ခေါင်းကိုငုံ့၊ ကိုယ်ကိုကိုင်းကာ အတတ်နိုင်ဆုံး ရိုရိုကျိုးကျိုးပုံစံဖြင့် အခန်းထဲဝင်လာကာ မြို့စားမင်းအား ပစ္စည်းတစ်ခုကမ်းပေးလာသည်။
