မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း သုံး
Unicode Version
“မနေ့က ဘာလို့ပန်းမထည့်တာလဲ”
ခပ်ဩဩထွက်ကျလာသည့် ကင့်မ်ဆီကအသံကြောင့် ဂျီမင်းလက်ထဲက ပန်းလေးတွေအကုန် စာအုပ်ဆိုင်ရှေ့က လမ်းပေါ်ကို ပြုတ်ကျသွားခဲ့ရတော့သည်။
ပြန်မဖြေလိုက်မိပေမဲ့ ကင်မ်က ဘာမှဆက်မမေးဘဲ သူ့လက်ထဲက ပြုတ်ကျကုန်သည့် ပန်းတွေကို တစ်ခက်ချင်း၊ တစ်ခိုင်ချင်း လိုက်ကောက်နေခဲ့သည်။
“ဟို တောင်းပန်ပါတယ်”
ကင့်မ်နည်းတူ သူကပါ ပန်းတွေကို လိုက်ကောက်လိုက်တော့ ပန်းအကုန်လုံးကို ခဏအတွင်းမှာပဲ ကောက်လို့ပြီးသွားခဲ့သည်။
“ဒီကိုပေးပါ”
“ဘာလို့လဲ၊ ကိုယ့်စက်ဘီးခြင်းထဲ မထည့်တော့ဘူးလား”
ကင့်မ်လက်ထဲက ပန်းတွေကို လက်လှမ်းကာ တောင်းလိုက်တော့ ထိုသို့ပြောလာသည်။ ကင့်မ်ဆီက မေးခွန်းကြောင့် ဂျီမင်းမျက်နှာလေး နွေးရသည်။
“အဲ့ဒါက ပြုတ်ကျကုန်ပြီလေ. . .ထည့်လို့ဘယ်ဖြစ်တော့မလဲ”
“ပြုတ်ကျရုံပဲလေ၊ ညှိုးသွားတာမှမဟုတ်တာ”
ကင်မ်က ရယ်လျက် ပြောသည်။ လူမိသွားတဲ့ ခံစားချက်ကြောင့် ပြန်ကောက်ထားသည့် လက်ထဲက ပန်းအနည်းငယ်ကိုသာ ခေါင်းမဖော်တမ်း ငုံ့ကြည့်နေရင်း ကင့်မ်ကို မျက်နှာချင်းမဆိုင်ရဲ။
“ထည့်လိုက်ပါ”
ကင့်မ်လေသံက ကလေးတစ်ယောက်ကို ဖြောင်းဖြောင်းဖြဖြ ချော့မော့နေသည်နှင့် တူလွန်းသည်။ ကင်မ်ကိုယ်တိုင်က လိုလိုလားလားရှိသည်မို့ ဂျီမင်းလည်း ဘာမှမပြောတော့ဘဲ စက်ဘီးခြင်းလေးထဲ ထည့်ပေးလိုက်တော့သည်။
“စိတ်မရှိရင် မင်းနာမည်ကို သိခွင့်ရမလား”
“ဂျီမင်းပါ”
“တွေ့ရတာ ဝမ်းသာပါတယ် ဂျီမင်း၊ ကိုယ့်နာမည်က”
“ကင်မ်. . .”