မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၆)
ဒီဗီဆာ ပြန်သတိရလာတော့ အခန်းထဲမှာ ကင်မ်နှင့် ဆရာဝန်တို့ရှိနေကြသည်။ ဆရာဝန်က ဒီဗီဆာအား တစ်ချက် ပြန်စမ်းသပ်ကြည့်ပေးပြီးနောက် အခန်းလေးထဲက ထွက်သွားတော့သည်။
“ကံကောင်းလို့ ဘာမှကြီးကြီးမားမား မဖြစ်သွားဘူး”
ကင်မ်က ကုတင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ဒီဗီဆာကို လှမ်းပြောသည်။ ဒီဗီဆာက တစ်ချက်ရယ်ရင်း ကင်မ်ကို ဤသို့ပြန်ပြောခဲ့သည်။
“ကံမကောင်းတာပါ”
“ကိုယ်တို့ ငြင်းလိုက်လို့ရတာပဲ”
“ဘယ်လို ငြင်းမှာလဲ၊ ကျွန်မတို့မှာ ချစ်ရတဲ့သူတွေ အသီးသီးရှိပါတယ်ဆိုပြီးလား”
ဒီဗီဆာက လှဲနေရာမှ ထထိုင်လိုက်ရင်း ကင့်မ်ကို မေးခွန်းထုတ်သည်။ ကင်မ်က အဖြေမရှိသလိုမျိုး ထိုင်နေရာမှ တုတ်တုတ်ပင်မလှုပ်။
“နောက်ပြီး ငြင်းလို့ရော ရမှာတဲ့လား”
ကင်မ်က သက်ပြင်းချသည်။ ဒီဗီဆာကတော့ ငိုလို့ပင်နေချေပြီ။ တစ်ယောက်ကိုတစ်ယောက် မချစ်မနှစ်သက်ပါဘဲ လက်ထပ်ရမည့် ဒီမင်္ဂလာပွဲက ဘယ်လောက်အထိများ ထွက်ပေါက်ပိတ်လွန်းလိုက်လဲ။
ဟန်ဆောင်မျက်နှာဖုံးတွေအောက်မှာလည်း နည်းနည်းလေးတောင် မနေချင်တော့ဘူး။ ဒါတွေကြောင့်ပဲ ဂျီမင်းကို အားကျတယ်၊ အရှိကို အရှိတိုင်း နေလို့ရပြီး ဘာဖိအားကိုမှ ကြောက်ရွံ့နေစရာမလိုဘူး။
“လောလောဆယ်တော့ အချိန်ထပ်ဆွဲလိုက်နိုင်လို့ ဒီဗီဆာ့ကို ကိုယ် ကျေးဇူးတင်ပါတယ်။ ပြီးတော့ စိတ်မပူပါနဲ့ ကိုယ် နည်းလမ်းရှာမှာမို့”
ကင့်မ်စကားကြောင့် ဒီဗီဆာက မျှော်လင့်ချက်တို့ပြည့်နေသည့် မျက်ဝန်းတွေနဲ့ ခေါင်းမော့ကြည့်လာသည်။ ကင်မ်သည် ကုတင်ဘေးမှာ တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း ဒီဗီဆာရဲ့ ပခုံးတစ်ဖက်ကို အသာပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။