မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၂၁)
မိုင်ရာမီနန်းတော်ကို ပြန်ရောက်ရောက်ချင်း ဂျီမင်းက အာရွန့်ကိုပင် မစောင့်တော့ဘဲ အိမ်ရှေ့စံနန်းဆောင်ထဲကို တန်းဝင်သွားခဲ့တော့သည်။ ဒီနေ့အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အိမ်ရှေ့စံဆီမှာ ဂျီမင်းကို မေးစရာတွေအများကြီးရှိပေမဲ့ ဂျီမင်းက အရင်ဦးအောင် ရှောင်ဖယ်သွားခဲ့ပြီဖြစ်သည်။ယုတ်စွအဆုံး နာမည်လေးတောင် လှမ်းခေါ်ခွင့်မရလိုက်။ သေချာတာကတော့ သူတို့ကြားထဲမှာ ဘာမှန်းမသိတဲ့ အရှုပ်အထွေးတွေ ရှိလာပြီ။ ယင်း သူတို့ဆိုတာကတော့ သူဌေးလေးကင်မ်ရယ်၊ ဂျီမင်းရယ်၊ အိမ်ရှေ့စံရယ်။
ထိုနေ့က ဂျီမင်းနဲ့အိမ်ရှေ့စံတို့ စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြပါ။ ညရောက်တော့လည်း အိမ်ရှေ့စံအဆောင်ကြီးထဲက ကုတင်ထက် ဂျီမင်းက ခါတိုင်းလိုပဲ အာရွန့်ကို ကျောပေးကာ စောစောစီးစီး အိပ်ရာဝင်သွားခဲ့သည်။
အောက်ဘက်ကို အနည်းငယ်လျှောကျနေတဲ့ စောင်ထည်အား ဂျီမင်းရဲ့ ကိုယ်ပေါ် သေချာဆွဲတင်ပေးလိုက်ပြီးနောက် အိမ်ရှေ့စံသည်လည်း ဂျီမင်းရှိရာဘက်ကို မျက်နှာမူကာ လဲလျောင်းလိုက်ရင်း အိပ်ရာဝင်ခဲ့တော့သည်။
____________________
မနက်အိပ်ရာနိုးတော့ ဘုရင်နဲ့ဘုရင်မကို နှုတ်ဆက်ဖို့ရန် နန်းဆောင်ထဲက ထွက်ခဲ့တော့ အနည်းငယ် မူမမှန်ချင်နေသည့် အခြေအနေတို့ကို တွေ့လိုက်ရသည်။ မိုင်ရာမီနန်းတော်ကြီးထဲ မိုင်ရာမီစစ်သားတွေကို ဟိုတစ်စု သည်တစ်စု မြင်နေရသည်မို့ အတွေးများသွားရသည်။
“ဘာဖြစ်လို့လဲ”
အိမ်ရှေ့စံ ရပ်ကြည့်နေသည့် ပြတင်းပေါက်နားကို ဂျီမင်းကပါ ရောက်လာပြီး နန်းဆောင်ရဲ့အောက်ဘက်ဆီကို လှမ်းငုံ့ကြည့်လိုက်သည်။
“မိုင်ရာမီမှာ ပြဿနာတစ်ခုခုရှိနေပြီထင်တယ်”
ထပ်ပြီး စစ်အရာရှိကြီးကိုပါ မြင်လိုက်ရတာမို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အပြိုင်ကြည့်လိုက်မိသွားသည်။ ဘာပြဿနာလဲဆိုတာမသိပေမဲ့ ဂျီမင်းရဲ့ ကြင်ယာတော်တင်မြှောက်မှုနဲ့များ ပတ်သတ်နေလေမလား။
