မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း နှစ်ဆယ်
“မင်းသမီးရယ်(လ်)လာ အထဲမှာရှိပါတယ်”
အထိန်းတော်ဟု ယူဆရသူကို ခေါင်းငြိမ့်ပြလိုက်ရင်း အခန်းထဲ ဝင်ခဲ့လိုက်သည်။ ဝင်ဝင်ချင်းပဲ မြင်လိုက်ရတာက စားပွဲတစ်ဖက်ခြမ်းမှာထိုင်ကာ သူ့ကိုစောင့်နေသည့် မင်းသမီးငယ်။
“အစ်ကိုတော်နဲ့ ဂျီမင်းတို့က ချစ်သူတွေလား”
မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်နှင့် ချက်ချင်းတန်းမေးလာသည့် မေးခွန်းကြောင့် ဂျီမင်းက ရယ်(လ်)လာ့ကို မော့ကြည့်လိုက်သည်။ ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းဖူးလေးနဲ့ သူ့ကိုပြန်အကဲခတ်နေသည့် မင်းသမီးငယ်။
“ဖြေပေးပါ”
“မဟုတ်ပါဘူး”
အဖြေကြောင့် မင်းသမီးငယ်ရဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလေးတွေဟာ ဘေးဘက်ကို ပြေကျသွားခဲ့သည်။
“ဒီလိုဆို တို့ အသေအချာသိချင်တာကို ထပ်မေးမယ်။ ဂျီမင်း အစ်ကိုတော့်ကို ချစ်လား”
ဒီမေးခွန်းရဲ့အဖြေကိုတော့ ရယ်(လ်)လာက တကယ်သိချင်ခဲ့တာ။ ဒါဆို ဘာကြောင့် အိမ်ရှေ့စံကို သွားမမေးတာလဲလို့ ပြောလာခဲ့ရင် အစ်ကိုတော့်ဘက်က ဂျီမင်းကို သဘောကျနေတယ်ဆိုတာကိုတော့ ရယ်(လ်)လာက ရိပ်မိတာထက်ပိုခဲ့တာကြောင့်ပင်။
“မင်းသမီးက အိမ်ရှေ့စံကို သဘောကျနေတာလား”
“အင်း ဟုတ်တယ်”
ရုတ်တရက်ကြီး ထမေးလိုက်တာမို့ ကြောင်သွားမယ်လို့ ထင်ရပေမဲ့ ရယ်(လ်)လာက ထင်ထားတာထက်ပိုပြီး သတိကောင်းသူဖြစ်နေတာမို့ ထိုသို့မဖြစ်သွားခဲ့။ ဒီ့အပြင် ဂျီမင်းရှေ့မှာ အိမ်ရှေ့စံအပေါ် သဘောကျနေကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြန်သေးတယ်။
“ကြင်ယာတော်ဖြစ်လာမဲ့သူရဲ့အရှေ့မှာ ဒီလိုဝန်ခံတာက အတင့်ရဲပြီး ရိုင်းစိုင်းသလိုဖြစ်မယ်ဆိုတာ သိပါတယ်”