မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၁၇)
“ဘာပြောတယ်!”မြို့စားမင်းရဲ့ အသံက အခန်းတစ်ခုလုံး ဟိန်းခနဲ။ ဟိုကောင်လေး လွတ်သွားတယ်တဲ့။ နောက်ပြီး မိုင်ရာမီရဲ့ အိမ်ရှေ့စံနဲ့မှ ထိပ်တိုက်တွေ့သွားတယ်တဲ့လေ။ ဘယ်လိုတောင် အသုံးမကျလိုက်တဲ့ဟာတွေလဲ။
“ထားလိုက်တော့။ ဒီကိစ္စမငြိမ်မချင်း မင်းတို့ ဘယ်မှမထွက်ကြနဲ့”
“ဟုတ်ကဲ့ပါ မြို့စားမင်း”
အပြင်ထွက်ဖို့ လက်ပြကာ အချက်ပေးလိုက်ပေမဲ့ ထွက်မသွားသေးတာမို့ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
“ဘာလဲ။ ဘာပြောစရာရှိသေးလို့လဲ”
“မနေ့က အဲ့ကောင်လေးကိုလာကယ်တဲ့သူ နောက်တစ်ယောက် ရှိပါသေးတယ်"
“ဘယ်သူလဲ”
နာမည်ကြားလိုက်ပြီးနောက် မြို့စားမင်းရဲ့ မျက်နှာက ညိုမှောင်သွားကာ ပိုလို့ပင် အလိုမကျဖြစ်သွားရသည်။ အဲ့တစ်ယောက်ကိုလည်း အစကတည်းက အသေသတ်ခဲ့လိုက်ရမှာ။
“သူ့ကိုရော ကျွန်တော်တို့ ဘယ်လိုလုပ်လိုက်ရမလဲ”
“ဘာလုပ်မှာလဲ။ အခုချိန် ဘာမှလုပ်လို့မရသေးဘူး။ အဲ့ကောင်မက အရင်လို မြက်ပင်လေးမဟုတ်တော့ဘူး”
မြို့စားမင်းက ဒေါသနဲ့အတူ စားပွဲခုံကို လက်နှစ်ဖက်နဲ့ အသံမြည်သွားအောင်ပင် ခပ်ကြမ်းကြမ်းပုတ်ပစ်လိုက်သည်။ ကြွက်မနိုင် ကျီကိုမီးနဲ့ရှို့ရအောင်လည်း အနေအထားက မဖြစ်ပြန်ဘူး။
“ပရင်စတင်းမီဂါ”
နာမည်ကို မကျေမနပ် ခပ်တိုးတိုးရေရွတ်လိုက်ရင်း မြို့စားမင်းတစ်ယောက် တောက်တစ်ခေါက်ခေါက်ဖြင့် ကြိတ်မနိုင် ခဲမရဖြစ်ကာ အကျပ်ရိုက်နေခဲ့ရတော့သည်။
_____________________
အသစ်ရိုက်ရမည့် ဇာတ်ကားအတွက် ပြင်ဆင်နေတုန်း ဧည့်ရောက်လာတယ်ဟု ပြောလာတာကြောင့် မီဂါက စိတ်မပါလက်မပါဘဲ အခန်းပေါက်ဝဆီကို ခေါင်းစောင်းကာ လှည့်ကြည့်လိုက်သည်။