အပိုင်း တစ်
Unicode Version
“လာနေပြီ လာနေပြီ”ရုတ်ချည်း အသံတွေဆူလာတာမို့ ဂျီမင်းလည်း ကြားသွားရကာ မြေနီလမ်းပေါ်ကို မော့ကြည့်လိုက်မိတယ်။ ခပ်လှမ်းလှမ်းဆီကနေ တရွေ့ချင်းနီးကပ်လာတဲ့ စက်ဘီးတစ်စင်း။
အရိပ်အယောင်လေး မြင်ရုံနဲ့တောင် ဂျီမင်းရင်တွေ ဒုတ်ခနဲ။ အညိုရောင်ရှိသည့် စက်ဘီးကလေးနဲ့အတူ ၎င်းရဲ့ ပိုင်ရှင်တို့က ဂျီမင်းတို့အုပ်စုရှိရာအနားကို တစထက်တစ ပိုမိုနီးကပ်လာခဲ့တယ်။
အသက်မှန်မှန်ရှူဖို့တောင် သိပ်ပြီး သတိမရမိဘူး။ မြင်ကွင်းထဲ ဝင်လာနေသည့် စက်ဘီးနဲ့လူအား လွတ်သွားမှာစိုးထိတ်ကာ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိခဲ့တယ်။
စက်ဘီးရှေ့ခြင်းထဲမှာ ထည့်ထားတာက စာအုပ်ထူထူများ။ ထုံးစံအတိုင်း သွားနေကျဖြစ်တဲ့ မြို့ထဲက စာအုပ်ဆိုင်ကနေ ပြန်လာတာထင်ပါတယ်။
အညိုရောင်ဆံပင်ရှည်တွေနဲ့ ထိုအမျိုးသားက ကင်မ်အိမ်တော်ကြီးရဲ့ တစ်ဦးတည်းသော ဆက်ခံသူအဖြစ် လူသိများသည်။ များသောအားဖြင့် မိုင်ရာမီမြို့ကြီးဆီမှာ ပညာတော်သင်သွားနေတတ်ပြီး မွေးရပ်မြေကိုတော့ ကျောင်းပိတ်ရက်တွေမှာ ပြန်လာတတ်သည်။
အမည်နာမအားဖြင့် ကင်မ်ထယ်ယောင်း။ သူကတော့ ကင်မ်လို့ပဲ တိတ်တဆိတ်အမည်ပေးထားခဲ့တယ်။ သူများတွေကတော့ သခင်လေး၊ အစ်ကိုလေး၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ မင်းသားလေး၊ သူဌေးလေးစသဖြင့် အခေါ်အဝေါ်မျိုးစုံကို အသုံးပြုကြပေမဲ့ ဂျီမင်းအတွက် ကင်မ်ဆိုတဲ့စာလုံးလေးတစ်လုံးနဲ့တင် လုံလောက်တာထက် ပိုနေခဲ့ပြီ။
မျက်လုံးပေါင်းများစွာရဲ့ရှေ့တင် မြေနီလမ်းပေါ် ကင်မ်ရဲ့စက်ဘီးလေးဟာ ဖြတ်နင်းသွားခဲ့သည်။ အညိုရောင်ဆံနွယ်တွေက ဆီလိမ်းထားတာမို့ ကြည့်ကောင်းကာ ပိပိပြားပြား သပ်သပ်ရပ်ရပ်ဆိုပေမဲ့ တစ်လမ်းလုံး ရင်ဆိုင်လာရသည့် လေကြောင့်လားမသိ၊ နဖူးပြင်ပေါ်မှာ အနည်းငယ် ပြိုကျချင်နေသည်။