Part 1

826 74 8
                                    

"ချန်းယောလ်ရေ...ရေဒီယိုက မုန်တိုင်းသတင်းကြေငြာထားတယ်
ညနေ အလုပ်စောစောသိမ်းခဲ့ဦးနော်"

"စိတ်ချ ဦးလေး ကျွန်တော် စောစောပြန်ခဲ့မယ်"

ခြေတံရှည် အိမ်မြင့်မြင့်လေးရဲ့ အိမ်တံခါးကို သော့ခတ်လိုက်ပြီး အိမ်ရှေ့ ခုံတန်းလေးမှာ အသင့်တင်ထားတဲ့ ဦးထုပ်ဝိုင်းကြီးကို ယူဆောင်းလိုက်သည်။ ခြံထဲသွားဖို့ ပြင်ဆင်ထားသည့် အိတ်ကို ပခုံးပေါ်ကောက်လွယ်ပြီး ဘေးအိမ်က ဦးလေးဂျွန်ကိုလည်း စောစောပြန်လာမည့်အကြောင်း အထပ်ထပ် ကတိပေးရသေးသည်။ ဖိနပ်ကြိုးကို ခိုင်အောင် ပြန်ချည်ပြီး အိမ်ပေါ်ကဆင်းခါနီး လှိုင်းလုံး ငြိမ့်ငြိမ့်လေး ရိုက်ခတ်နေသည့် ပင်လယ်ပြင်ကိုလှမ်းကြည့်ဖြစ်သည်။

အဖြူဖွေးဖွေးလှိုင်းကလေးတွေက ပင်လယ်ပြင်နှင့် ကမ်းခြေဆီကို ငြိမ့်ငြိမ့်ငြောင်းငြောင်းလေး ကူးလူးလို့နေသည်။ ဘယ်အချိန် မဲမှောင်ပြီး မုန်တိုင်းကျလာမလဲ မပြောတတ်။

ခုနစ်ထစ်ခန့်ရှိသော သစ်သားလှေကားမှ ဆင်းလာပြီးနောက် ပြီးခဲ့တဲ့တစ်ပတ်ကမှ အမိုးအကာအသစ်လဲထားသော ဂျစ်ကားအပြာရင့်ရောင်လေးပေါ်တက်လိုက်သည်။
နေ့စဉ်မြင်နေကျ မြင်ကွင်းများသည် အထပ်ထပ်ဖြစ်လာသော်လည်း ရိုးသွားသည်မရှိ။

ရာသီအလိုက်ပေါက်သော တောပန်းကလေးများနှင့် စိမ်းစိမ်းစိုစို စိုက်ပျိုးခြံများက တစ်ဖက် လှိုင်းသံပြေပြေလေးနှင့် ပင်လယ်ကမ်းခြေက တစ်ဖက်။ မြို့ပြလောက်ခေတ်မမီသော်လည်း သာယာလှပသော သူတို့နယ်မြို့လေးက သဘာဝရှုခင်းများနှင့် သာယာလို့နေသည်။

မိနစ် ၂၀ လောက် ကားမောင်းလာပြီးနောက် သူအလုပ်လုပ်ရာ စိုက်ပျိုးခြံများရှိရာဆီရောက်လာခဲ့သည်။ မနက်စောစော ရေတစ်ကြိမ် ဖြန်းထားပြီးသား စိုက်ပျိုးပင်ပေါက်လေးများရှိရာဆီမှ မြေနံလတ်လတ်ဆတ်ဆတ်ကို ရှုရှိုက်လိုက်သည်နှင့် လန်းဆန်းပြီးသားစိတ်က ပိုတက်ကြွလို့လာသည်။

ချန်းယောလ်က ဒီစိုက်ခင်းတွေနဲ့ မွေးကတည်းက ရင်းနှီးလာခဲ့သူမို့ မြေသင်းနံ့၊ ပျိုးပင်ပေါက်လေးတွေရဲ့အနံ့အပြင်၊ ယိုထိုးတဲ့ ဖိုဆီက မီးသွေးနံ့ရော စပျစ်ဝိုင်ထည့်သည့် သစ်သားစည်ပိုင်းပြတ် အနံ့များကိုပါ နှစ်သက်သူဖြစ်သည်။

Red String of FATEWhere stories live. Discover now