Part 19

263 58 4
                                    

ချန်းယောလ်ရဲ့ အလုပ်သွားသည့် လမ်းခရီးတွင် ကလေးလေး ပါမလာခဲ့။ ချန်းယောလ်နောက် အမြဲလိုက်ချင်နေသည့် ဂျစ်တူးလေးကို နေကြာခင်းလိုက်ပို့မည်ဆိုသည့် ကတိနှင့် အိမ်မှာချန်ထားခဲ့ရသည်။ စိုက်ခင်းကိစ္စ စာချုပ်ချုပ်ပြီး ငွေအပြတ်ချေရမည့်နေ့မို့ ရှောင်လုဟန်နှင့် ကလေးကို ထပ်မတွေ့စေချင်။ မနက်စောစော ချိန်းထားကြသည်မို့ အလုပ်ကိစ္စပြတ်တာနှင့် ကလေးကို ပြန်ခေါ်ပြီး သူတို့မြို့က တစ်ခုတည်းသော နေကြာခင်းစီ လိုက်ပို့ပေးရမည်။

ချန်းယောလ် ခြံထဲကိုရောက်တော့ ရှောင်လုဟန်နှင့်အတူ သက်သေလုပ်မည့်‌ေရှ့‌ေနတစ်ဦး၊ အုပ်ချုပ်ရေးမှူးနှင့် ယူဂျောင်းပါ ရောက်နေပြီဖြစ်သည်။ ဟင်းရွက် ကန်စွန်းဝယ်သလို ရော့ပစ္စည်း ရော့ငွေ လုပ်လို့မရသည့်အတွက် စကားအရင်ပြောကြရသေးသည်။ ရှောင်လုဟန်က စကားပြောနေပေမဲ့ မျက်လုံးတွေကတော့ တစ်ခြံလုံးကို ဝေ့ကြည့်လို့နေသည်။

"ဟိုနေ့က ကလေးလေးရော မတွေ့မိပါလား"

ရှောင်လုဟန်ဘက်က ကလေးအကြောင်းစလာသည်နှင့် ချန်းယောလ်က စကားလွှဲရန် အကြောင်းပြချက်ရှာရသည်။ ချန်းယောလ် ဘာမှ ပြန်မပြောရသေးခင်မှာဘဲ ဦးလေးဂိုကလည်း ကလေးအကြောင်း ဝင်မေးလာသည်။

"ဟုတ်သားပဲ
ဒီနေ့ ချန်းယောလ်ရဲ့ ကလေးလေး မပါလာပါလား"

"နေသိပ်မကောင်းချင်လို့ အိမ်မှာထားခဲ့တာ"

"သူ့အခြေအနေလည်း ဘာမှမထူးဘူးနော်
ငါ မြို့ကိုပြန်သွားရင် ဘာကူညီပေးရဦးမလဲ ချန်းယောလ်
ရဲစခန်းကို...."

"ယူဂျောင်း...အဲ့ဒီကိစ္စတွေက ငါပဲလုပ်လိုက်မယ်
နင်စိတ်ထဲထည့်စရာမလိုဘူး"

ရုတ်တရက်တင်းမာသွားသည့်အခြေအနေကို ယူဂျောင်းက သဘောပေါက်စွာ နှုတ်ဆိတ်သွားသည်။ ရှောင်လုဟန်ကတော့ စကားဝိုင်းအပြင်ဘက်ကနေ အခြေအနေကို အကဲခတ်လို့နေသည်။ ဖြစ်နိုင်လျှင် ဒီနေရာကနေ ချက်ချင်းပဲ ထထွက်လို့သွားချင်သည်။

"ကဲ စာချုပ်လေး လက်မှတ်ထိုးလိုက်ရအောင်"

ဦးလေးဂိုက စကားဖြတ်ပြောလိုက်တော့မှ သူတို့အားလုံး စာချုပ်ဆီကို အာရုံပြန်စိုက်မိသည်။ ထို့နောက် ဦးလေးဂိုနဲ့ ရှောင်လုဟန်က ရောင်းသူဝယ်သူနေရာမှ လက်မှတ်ထိုးပြီး ချန်းယောလ်နဲ့ ရှောင်လုဟန်ခေါ်လာသည့် ရှေ့နေက သက်သေနေရာမှ လက်မှတ်ထိုးလိုက်သည်။အ‌ရောင်းအဝယ်ကိစ္စအပြီး စကားအနည်းငယ်ပြောကြပြီးနောက် ဦးလေးဂိုနဲ့ ယူဂျောင်းက အရင်ပြန်သွားပြီး ရှောင်လုဟန်ကတော့ ခြံထဲက အပင်အချို့ကို လှည့်ပတ်ကြည့်ပြီးမှ ပြန်သွားသည်။ ချန်းယောလ်ရဲ့ ခြံထဲမှာရှိနေတဲ့တစ်လျှောက်တော့ ရှောင်လုဟန်ကို ခြံရှင်တာဝန်ကျေကျေ ဧည့်ခံခဲ့သလို နောက်ထပ် ရောက်မလာဖို့လည်း ဆုတောင်းနေမိသည်။

Red String of FATEWhere stories live. Discover now