အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်တာ မြန်လွန်းသည်။ စိုင်းစွမ်းထက်ပိုင် ပြောခဲ့သလို သူစာမေးပွဲ ဖြေပြီးလျှင် အဖြေပေးဆိုသည့်အတိုင်း အဖြေပေးရမည့်နေ့ ရောက်လာပြီ။ကာရံညီညာက နံနက်အစောကြီးထဲက နိုးနေခဲ့တာ။ ငါးနာရီကျော်လောက်မှာ ရေထချိုးပြီး အဝတ်အစားလဲကာ အိပ်ယာပေါ် ပြန်ထိုင်နေသည်။ Messengerကို ကြည့်လိုက်တော့ စိုင်းစွမ်းထက်ပိုင်ဘက်က 5Hours Agoဆိုတဲ့ စာသားလေး ပေါ်နေသည်။
"အဖြေပေးရမယ့်သူက တက်ကြွပြီး အစောကြီး နိုးနေတာ။ ငါ နည်းနည်းများ အိုဗာဖြစ်သွားလား။ "
ကာရံညီညာက အိပ်ယာပေါ်က ထပြီး မှန်ကို တစ်ချက်ကြည့်သည်။သစ်လွင်တောက်ပနေတဲ့ သနပ်ခါးရောင်ရှပ်လက်ရှည်နဲ့ ခေါက်ရိုးကျိုးနေတဲ့ပုဆိုး အနီရောင်က ပုံမှန်ထက် ပေါ်လွင်နေသည်။
" မဖြစ်သေးပါဘူး။ ငါကအဖြေပေးရမယ့်သူလေ။အဖြေတအားပေးချင်သလို ဖြစ်နေပြီ။ "
တောက်ပမှုကို လျော့ချဖို့ ဂျင်းလက်ရှည်ထပ်ဝတ်လိုက်သည်။မှိုတက်အရောင်မို့ ခုနထက်တော့ အနည်းငယ် မှိုင်းသွားပြီ။မှန်ထဲမှာ ပေါ်နေတဲ့ မျက်နှာကို ကြည့်ရင်း စိုင်းစွမ်းထက်ပိုင် တဖွဖွ ချီးကျူးတတ်တဲ့ မျက်တောင်ထူထူကော့ကော့လေးကို သေချာ ကြည့်လိုက်သည်။မနက်က မျက်နှာသစ်ပြီး တဘက်သုတ်တာတောင် မျက်တောင်ကျွတ်မှာကြောက်လို့ ခပ်ဖွဖွလေး ပွတ်သုတ်ခဲ့တာ တွေးမိတော့ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သည်။ ပုံမှန်ဆို အလှမကြိုက်ဘဲ ဖြစ်သလိုနေတတ်ပေမယ့် စိုင်းစွမ်းထက်ပိုင် သဘောကျသည့် အစိတ်အပိုင်းလေးတွေမို့ အထူးဂရုစိုက်နေမိသည်။
" ရပြီ ... မကောင်းတက်လို့ ပြန်ကြိုက်သလို အမူအယာ လုပ်ရမယ်။ မကောင်းတက်လို့ ပြန်ကြိုက်တာ။ အဖြေတအားပေးချင်နေတာလည်း မဟုတ်ရပါဘူး။ သနားလို့ ပြန်ကြိုက်တာ ဟုတ်ပြီလား။ "
ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်ဆုံးမပြီးမှ မှန်ကို အဝကြည့်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ဖိနပ်စင်က သားရေဖိနိပ်အသစ်ကိုလည်း ထုတ်စီးခဲ့သည်။ အထူးတလည်ပြင်ဆင်လာတာမဟုတ်ရပါဘူး။ဖိနပ်အဟောင်းတွေက မတိုက်ရသေးလို့။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023