" ဒေါ်လေး စိုင်းစွမ်းရော "
အိမ်ထဲဝင်ဝင်ချင်းမှာတင် ဧည့်ခန်းမှာ စာအုပ်ထိုင်ဖတ်နေတဲ့ ဒေါ်နန်းခမ်းလွင်ကို တွေ့တာမို့ စိုင်းရတုဟန်က ရယ်ကြဲကြဲနဲ့ မေးလိုက်သည်။ညရှစ်နာရီကျော်သာ ရှိသေးပေမယ့် ခိုးပြေးပြီးခါစ အသစ်စက်စက် စုံတွဲလေးဆိုတော့ အိပ်ယာဝင်သွားပြီလားလို့ အတည်ပြုမေးလိုက်သည်။အရင်လို စိုင်းစွမ်းထက်ပိုင် အခန်းထဲ ထင်တိုင်းဝင်လို့ မရတော့ဘူး။ စိုင်းစွမ်းထက်ပိုင်က အိမ်ထောင်သည် ဖြစ်နေပြီ။
" မီးဖိုချောင်ထဲမှာရှိတယ်။ ကာရံညီညာ့အတွက် မာလာရှမ်းကော ချက်ပေးနေတာ။ "
" အိမ်ထောင်ကျတာမှ တစ်ရက်နဲ့တစ်ပိုင်းရှိသေးတယ်။ အပိုးကျိုးလှချည်လား။ "
စိုင်းရတုဟန်က ဒေါ်နန်းခမ်းလွင်ကို မျက်စပစ်ပြပြီးမှ မီးဖိုချောင်ထဲ ဝင်သွားသည်။စိုင်းစွမ်းထက်ပိုင်က ဖြူလွင်နေတဲ့ ရှပ်အကျီအထူသားကို တစ်တောင်နားထိ လက်ခေါက်တင်ထားကာ Style Pantအနက်ရောင် ဝတ်ထားသည်။ အရပ်ရှည်လွန်းတာမို့ ခါးကိုင်းပြီး မကပ်သည့်ဒယ်အိုးထဲမှ ကြက်သားအတုံးလေးတွေကို မွှေနေသည်။ကာရံညီညာက စားပွဲဘေးမှာ ထိုင်နေပြီး စိတ်မပါလက်မပါနဲ့ အရွက်တွေ သင်နေသည်။
" Love Kitchenလောက် ဖြစ်မယ်ထင်နေတာ။ ပွေ့ဖက်နေကြရင် လူပျိုလေး ဖြစ်တဲ့ ငါက မျက်စိရှက်နေရမှာစိုးလို့ ခပ်ဖြည်းဖြည်းချင်း မျက်လုံးကိုလက်နဲ့ကာပြီး ဝင်လာတာ။ ဒီရောက်မှ မင်းတို့နှစ်ယောက်ကြား ကျောက်ဆည်ဆင်ကြီးတောင် ဝင်ကလို့ရအောင် စည်းတွေခြားနေပါ့လား။ "
စိုင်းရတုဟန်က ပြောပြောဆိုဆိုနဲ့ ဝင်လာကာ ကာရံညီညာ့ကို တစ်ချက်ရယ်ပြပြီးမှ စိုင်းစွမ်းထက်ပိုင် အနားသွားသည်။
" စကားပြောလေး ဆင်ခြင်။ လက်ထဲမှာ ကိုင်ထားတာက ဆီအပူ။ မျက်နှာပက်လိုက်ရင် ဘဝဆုံးသွားမယ်။ "
စိုင်းရတုဟန်က မီးဖိုချောင်က ဟင်းချက်သည့်ခုံကို ခပ်လျောလျော မီနေရင်းမှ ကာရံညီညာနဲ့ စိုင်းစွမ်းထက်ပိုင်ကို အကဲခတ်သလိုကြည့်သည်။ဒါမျိုးတွေဆို အထာနပ်နေတာမို့ ခေါင်းငုံ့ကာ ရယ်သည်။ပြီးမှ စိုင်းစွမ်းထက်ပိုင် ချက်နေတဲ့ ကြက်သားကို တစ်ဖက်ကောက်စားရင်း ပြောသည်။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023