" ဖိတ်စာကို အစောင်တစ်ရာပဲ အပ်မယ်နော်။ "
မင်္ဂလာဆွမ်းကပ်ကို နှစ်ဖက်လုံးက မိသားစုအပြင် ခင်မင်ရင်းနှီးနေတဲ့သူတွေ၊ လုပ်ဖော်ကိုင်ဖက်အချို့ကိုသာ ဖိတ်ပြီး အကျဥ်းရုံး လုပ်ဖို့ ဆုံးဖြတ်ထားသည်။ကုတင်ပေါ် ဝမ်းလျားလေးမှောက်ကာ ဖိတ်ရမည့်လူတွေကို စာရင်းပြုစုနေသော ကာရံညီညာ့ဘေးမှာ စိုင်းစွမ်းထက်ပိုင်က ထိုင်ရင်း ပုံဆွဲနေကာ အလုပ်များနေသည်။ဖိတ်စာက ပုံမပေါ်သေးပေမယ့် အခုထဲက ဖိတ်မယ့်လူစာရင်း လုပ်နေရပြီ။အကျဥ်းရုံးလုပ်မှာဖြစ်သည့်အတွက် ရင်းနှီးနေတဲ့သူတွေ မကျန်ခဲ့ရအောင် အထူးဂရုစိုက်ရသည်။
" နော်လို့ ... ကိုကို "
သူ့ကို သံယောင်လိုက်မပေးတော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ပေါင်ကို လက်နဲ့လှမ်းကုပ်ရင်း ပြောသည်။ ကာရံညီညာ့၏ ကျောင်းပိတ်ရက်မို့ စိုင်းစွမ်းထက်ပိုင်ကပါ အလုပ်နားလိုက်ပြီး မင်္ဂလာဆွမ်းကပ်အတွက် ကြိုးပမ်းနေကြသည်။မတိုင်ပင်ထားဘဲ အနီနဲ့အနက် စပ်ထားတဲ့ ပုဆိုးဆင်တူလည်း အတူတူဝတ်ထားမိသေးသည်။
" အင်း ... လူကြီးလေးဘက်က လူတွေလည်း မကျန်ခဲ့စေနဲ့။ အရမ်းရင်းနှီးတဲ့လူတွေပဲ ဖိတ်မှာဆိုတော့ ကျန်ခဲ့ရင် အားနာစရာ ကောင်းတယ်။ "
" အင်း "
ကာရံညီညာက သူ့ဘက်က အယောက်လေးဆယ်စာလောက် လူစာရင်းကို ရေးပြီးတော့ ညောင်းသွားဟန် အိပ်ယာပေါ် ပက်လက်လှန်ကာ စိုင်းစွမ်းထက်ပိုင်၏ ပေါင်တစ်ဖက်ကို ဆွဲကာ ခေါင်းအုံးသည်။
" ခဏကြွဦးနော် ... ကိုယ်တင်ပလ္လင်ခွေ ပြောင်းထိုင်ပေးမယ်။ ဇက်နာသွားလိမ့်မယ်။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ခေါင်းလေးကို ခပ်ဖွဖွလေး မ,ပြီးမှ ခြေဆင်းထိုင်နေရာမှ ပုံစံပြောင်းထိုင်ပေးပြီး သေချာအိပ်စေသည်။သို့ပေမယ့် ကာရံညီညာ၏ ခေါင်းလေးက နေရာမရစွာ အပေါ်တိုးလာတော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ခေါင်းလေးကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ရင်းမှ ပြောလာသည်။

CZYTASZ
First Love , Perfect Love (Completed)
LosoweMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023