နံနက်လေးနာရီကျော်မှာပဲ စိုင်းစွမ်းထက်ပိုင်က အိပ်ယာက ထလိုက်သည်။ ဘေးက ကာရံညီညာက အိပ်ပျော်နေတုန်းမို့ ရေချိုးခန်းတံခါးကို ငြင်သာစွာ ဖွင့်လိုက်သည်။ ညတုန်းက တစ်ညလုံး လှုပ်စိလှုပ်စိနဲ့ ကာရံညီညာက ညဥ့်နက်မှ အိပ်ပျော်သွားသည်။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲပြီးနောက် စိုင်းစွမ်းထက်ပိုင်က ပစ္စည်းတွေ ပြန်စစ်သည်။လိုင်စင်တွေ၊ မှတ်ပုံတင် အပါအဝင် စာချုပ်စာတမ်းတွေပါ တစ်ခေါက်ပြန်ကြည့်ပြီးမှ ကာရံညီညာဘေးမှာ ခပ်သာသာလေး ဝင်ထိုင်သည်။ တစ်ပတ်လောက်လေးဆိုပေမယ့် လွမ်းနေရတော့မှာပဲ။
ကာရံညီညာ၏ မျက်တောင်ကော့ကော့လေးတွေကို စိုင်းစွမ်းထက်ပိုင်က လက်မနဲ့ ခပ်ဖွဖွ ဖိပွတ်နေပြီးမှ ခါးကိုင်းလိုက်ကာ နဖူးကို အသာအယာနမ်းသည်။ နှုတ်ခမ်းကို နမ်းချင်ပေမယ့် နိုးသွားမည်ဆိုးတာကြောင့် နှုတ်ခမ်းအနားကပ်လိုက်ပြီးမှ ခပ်တိုးတိုး အသက်ရူူနေတဲ့ ကာရံညီညာ၏ နှုတ်ခမ်းက လေငွေ့နွေးနွေးလေးကိုသာ ရှိုုက်သွင်းသွားသည်။
" လွမ်းနေရတော့မှာပဲ။ "
ကာရံညီညာ၏ ဘေးမှာ ခဏဝင်လှဲလိုက်ပြီးမှ ကာရံညီညာ၏ ဆံပင်လေးကို နမ်းသည်။ ခပ်ရှည်ရှည် ဆံပင်လေးကို ဘေးခွဲ ခွဲထားတာမို့ ပေါ်လွင်နေတဲ့ နဖူးပြေပြေလေးတွေရယ်၊ နဖူးထိပ်ဖျားက မွေးညှင်းနုနုလေးတွေရယ်ကိုပါ နမ်းသွားသည်။
စိုင်းစွမ်းထက်ပိုင် အိပ်ယာပေါ်က ထသွားပြီး အခန်းအပြင် ထွက်သွားမှ ကာရံညီညာက မျက်လုံး ဖွင့်ကြည့်သည်။ မနေ့ကလို ငိုနေမိရင် ခရီးသွားမည့်သူ စိတ်မဖြောင့်မှာ ဆိုးလို့ အိပ်ပျော်နေဟန်ဆောင်ခဲ့တာ။ ပုံမှန်ဆို ကာရံညီညာက ဒီလောက် စိတ်မပျော့ပေမယ့် မိသားစုနဲ့ အဆင်မပြေသေးတဲ့ အချိန်မှာ အနားမှာ စိုင်းစွမ်းထက်ပိုင်ပဲ ရှိတာမို့ အဲ့ဒီလူကပါ ခရီးသွားမယ်ဆိုတော့ ခံစားလွယ်နေတာ။
အိမ်ပေါ်ကနေ ခန်းစီးစကို ဖွင့်ကာ ကြည့်လိုက်တော့ စိုင်းစွမ်းထက်ပိုင်က အောက်မှာ ကားအနောက်ခန်းထဲ ပစ္စည်းတွေ ထည့်နေသည်။ ခြံတံခါးကို ကိုယ်တိုင်ဖွင့်ပြီး ကားထုတ်ပြီးမှ တစ်ခေါက်ပြန်ပိတ်ကာ ထွက်သွားသည်။နံနက်လင်းခါစ အချိန်မို့ Porscheကားက မီးဖွင့်ထားသည်ကို အလင်းရောင် ရှိသည်အထိ မျက်စိတစ်ဆုံး ကာရံညီညာက လိုက်ကြည့်နေမိသည်။
.............................
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023