"မားမား။ဂြိုဟ်သားတွေဆိုတာ တကယ် ရှိလားဟင်"
"ရှိနိုင်တာပေါ့။မားမားတို့ မသိသေးတဲ့ အရာတွေ
လောကမှာ အများကြီးပဲ မီးရဲ့""ဒါဆို ဂြိုဟ်သားတွေက ရုပ်ရှင်ထဲကလိုမျိုး
ခေါင်းကြီး၊ကိုယ်သေးပြီး မျက်လုံးပြူးတဲ့
ဂျပုလေးတွေလိုမျိုးလားဟင်""ဒါတော့ ပြောဖို့ခက်မယ်။ဂြိုဟ်သားဆိုတာ
ဂြိုဟ်တစ်ခုပေါ်က သက်ရှိတွေကို ဆိုလိုတာမို့လို့
သူ့ပုံစံက ရေဘဝဲကြီးလိုလည်း ဖြစ်ချင်ဖြစ်မယ်၊
ငှက်ကြီးလိုလည်း ဖြစ်ချင်ဖြစ်မယ်၊သာမန်
မျက်စိနဲ့ မမြင်နိုင်တဲ့ အဏုဇီဝပိုးမွှားလေး
တွေလိုလည်း ဖြစ်နိုင်သလို မားမားတို့နဲ့
တူချင်လည်း တူမယ်ပေါ့""တကယ်လို့ ဂြိုဟ်သားတွေက ကမ္ဘာကြီးကို
ကျူးကျော်လာရင်ရောဟင်""ဒါဆိုရင်တော့ မားမားတို့ ထွက်ပြေးရမှာပေါ့"
"ဘယ်ကိုပြေးမှာလဲဟင်"
"အိမ်ကိုရှင့်၊အိမ်ကို။အခု ညနေငါးနာရီရှိပြီ။
မားမားတို့ အိမ်ပြန်ချိန်ရောက်ပြီဆိုတာ သိတယ်
မဟုတ်လား။မှောင်ရင် ဒီနားမှာ ပုန်းနေတဲ့
ဂြိုဟ်သားကြီးက ဗိုက်ဖောက်စားရင် ဘယ်လို
လုပ်မလဲ။ဒီလို ဗိုက်ဖောင်းဖောင်းလေးကို
ကလိကလိနဲ့ တက်လာပြီး...""ဟီး ဟီး၊ယားတယ် မားမား။ယားတယ်..."
ကလေးမလေး၏ ပြေးထွက်သွားသော ခြေသံနှင့်
အတူ၊သူ့မိခင်၏ ရယ်သံတစ်ချို့။မှောင်ရီသန်း
နေပြီဖြစ်သော ကျောက်စရစ်လမ်းမလေးထက်
လူသူနည်းပါးလာပြီဖြစ်ကာ လမ်းမီးတိုင်
ဝါကျဉ်ကျဉ်လေးအောက်မှာ သူတစ်ယောက်သာ
ရှိတော့သည်။သစ်သားခုံတန်းလေးပေါ် ခြေချိတ်ထိုင်ရင်း
အလင်းရောင်ကောင်းစွာ မရပေမဲ့ စာအုပ်
တစ်အုပ်ကို ပေါင်ပေါ်တင်ကာ ဖတ်နေစမြဲ။
ဘေးနားခုံတန်းက စကားများတဲ့ ကလေးမလေး
မရှိတော့တာမို့ အတွေးတွေ ပြန်တည်ငြိမ်သွား
ရ၏။ထိုကလေး ပြောသမျှကို နားစိုက်ထောင်ရင်း သူ့အတွေးတို့ လွင့်နေခဲ့တာ အတော်
ကြာပြီမို့ ဖတ်လက်စ စာအုပ် အကြောင်းအရာ
များပင် မေ့လုနီးပါး။