မြစိမ်း။မြစိမ်းသည် ရန်ကုန်သူစစ်စစ်တစ်ယောက်ဖြစ်သည်။မြစိမ်းရဲ့မွေးဖွားရာဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဖြစ်သောကြောင့် မြစိမ်း၏ဇာတိချက်ကြွေမွေးရပ်မြေသည် ရန်ကုန်မြို့ကြီးဟု တသတ်မတ်တည်းခံယူထားပါသော်လည်း မိဘများကတော့ မန္တလေးသားများဖြစ်ကြသည်။
ဘုရင်မင်းမြတ်တို့ မင်းမူစံမြန်းခဲ့သည့် မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာ မန္တလေးမြို့၊သမိုင်းအငွေ့အသက်များနှင့် ခြုံလွှမ်းကာ နန်းရိပ်နန်းယောင်တို့ ထင်ကျန်ခဲ့သည့် အထင်ကရမြို့တစ်ခုအဖြစ် တင်စားကျော်ကြားသောမန္တလေးမြို့၊ဦးပိန်တံတားနဲ့မန္တလေးတောင်ရဲ့ ရှုမငြီးတဲ့နေဝင်ချိန်အလှကို မြင်ခွင့်ရသည့် တစ်ခုတည်းသောမန္တလေးမြို့ကြီးသည် မြစိမ်းမိဘများ၏မူလဇာတိဖြစ်သည်။နန်းရှေ့ရှိ ခြံအကျယ်ကြီးတွင် ရေနံကြီးနိုင်နိုင်သုတ်ထားပြီး ကျွန်းသစ်များဖြင့် ခိုင်ခံ့စွာတည်ဆောက်ထားသော မြစိမ်းတို့ရဲ့ဘိုးဘွားပိုင်အိမ်ကြီးက စွံ့ငှားထည်ဝါလျက် မြင်သူတကာကို သိမ်ငယ်ရှက်ရွံ့သွားစေသည်။အမည်မသိခံစားချက်ကို ပေး၏။
မြစိမ်း၏မေမေသည် မြစိမ်းလို ရန်ကုန်ပျော်လေးမဟုတ်ပါ။စက်ဘီးတစ်စီးနှင့် အန္တရာယ်များသွားလာရခက်သည့် မန္တလေးမြို့ကိုသာ အချိန်ရှိတိုင်း တောင့်တနေခဲ့သည်။ခြံဝန်းကျယ်ကျယ် မြေပြန့်ကျယ်ကျယ်တွင် ငယ်ဘဝကို ကုန်ဆုံးခဲ့ရသော မေမေဟာ အထပ်မြင့်ရန်ကုန်တိုက်ခန်းများကို အလုံးစုံအထင်မကြီး။စိတ်ကျဉ်းကျပ်သည် ဟု အမြဲတစေရေရွတ်နေတတ်သည်။
မြစိမ်းကဝောာ့ ကလေးပီပီ ဆော့လို့စားလို့ရရင် နေရာမရွေးဘဲ ပြုံးပျော်နေတက်ပါသော်လည်း မေမေရဲ့အပြုံးချိုချိုလေးတွေကတော့ မန္တလေးမှာရှိနေရင် ပိုပြီးတောက်ပနေတတ်သည် ဟု မြစိမ်းထင်မိလေသည်။ဖေဖေကတော့ ပွဲရုံအလုပ်များဖြင့်မအားလပ်သူပီပီ မန္တလေးကို အချိန်ပေးလွမ်းနေမည်မထင်ပါ။သို့သော် မေမေ့ကိုတော့ များစွာအလိုလိုက်၊အကြိုက်ဆောင်တတ်သည်။မိသားစုသုံးယောက်သာရှိသော ရန်ကုန်တိုက်ခန်းကျယ်တွင် မေမေသည် မြစိမ်းထပ်ပိုပြီး အလိုလိုက်ခံရလေ့ရှိသည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "