Zawgyi

242 10 0
                                    

ဒီနေ့မှ အချိန်တွေကြာနေသလိုပင်။အခုထိ ညနေမစောင်းနိုင်သေး၊ငါးနာရီမထိုးနိုင်သေး။ခါတိုင်းဆို ဟိုလှည့်ဒီလှည့်နဲ့ ဘယ်လိုလုပ်အချိန်ကုန်သွားမှန်းကို မသိ။မြစိမ်းမှာလည်း နံရံပေါ်က နာရီကိုလှမ်းလှမ်းကြည့်နေရတာ မျက်လုံးပင်စွေတော့မည်။

ဒေါ်ဒေါ်ကြိုင်ကတောင် မြစိမ်းကို သွားစရာရှိလို့လား ဆိုပြီး မေးယူသည်အထိ မြစိမ်းမူပျက်နေမိသည်။မြစိမ်းက ဘုရားသွားမို့ပါ ဆိုတော့ သူပါလိုက်မယ်တဲ့လေ။အို ဘယ်ဖြစ်မလဲ။ဒီက ရည်းစားလေးနဲ့သွားတွေ့မှာ။ဒေါ်ဒေါ်ကြိုင့်လို အပျိုကြီးဘယ်လိုက်လို့ကောင်းပါ့မလဲ။

" ဒေါ်ဒေါ်လှိုင်ကရော ဘယ်တော့ပြန်ရောက်မလဲ "

" ဒီညနေပြန်ရောက်မယ်ပြောတာပဲကွယ် "

ဒေါ်ဒေါ်လှိုင်က အရင်နေ့ညကတည်းက အမေသုံးပန်လှနတ်ပွဲ(အမေရေယဉ်နတ်ပွဲ)ကိုသွားတာ။သွားရင်လည်း နေ့ချင်းပြန်လို့ မရဘူး။ညအိပ်ညနေသွားရတာ။အဲ့ဒီ့မှာမှ ပန်းဆက်၊ကန်တော့ပွဲပေး ပေါ့။

ဒေါ်ဒေါ်တို့ပြောပုံအရဆို အမေရေယဉ်က မြစိမ်းတို့နဲ့ဆိုင်တယ်တဲ့။နှစ်တိုင်း ပုံမှန်မသွားလို့မရဘူး။မြွေပိုင်၊ဓားပိုင်၊မီးပိုင်၊ကျားပိုင်တဲ့ အမေရေယဉ်က အိပ်မက်လာပေးတယ်ဆိုပဲ။ဒါကိုတော့ မြစိမ်းလည်း သေချာမသိပါဘူး။နတ်ဆိုလို့ အုန်းဆွဲပြီးတင်ရတာတဲ့ အိမ်တွင်းနတ်လောက်ဘဲ မြစိမ်းက သိတာ။

ဒေါ်ဒေါ်တို့ကတော့ အမေသုံးပန်လှ(အမေရေယာဉ်)ပွဲလည်း သွားသည်။တောင်ပြုံးပွဲလည်း သွားကြတာပဲ။ဒီနှစ်မှသာ ဒေါ်ဒေါ်ကြိုင်က နေလို့သိပ်မကောင်းလို့ ဒေါ်ဒေါ်လှိုင်ကို ကိုကိုကြီးနဲ့လွှတ်လိုက်ရတာ။ဒေါ်ဒေါ်တို့အသက်တွေလည်း ကြီးပြီ။သူတို့မှာ တွယ်တာစရာဆိုလို့ပဲ မြစိမ်းတို့မောင်နှမလေးယောက်ပဲရှိတော့ တစ်ခုခုဆို အားကိုးချင်သည်။

" ဒေါ်ဒေါ်တို့ရဲ့သမီးလေးက သနပ်ခါးလေးနဲ့ဆိုတော့လည်း အရမ်းလှတာပဲကွယ်။နေ့တိုင်း ဒီလိုပဲ သနပ်ခါးလေးလိမ်းပါ့လား "

" စိမ်းက သနပ်ခါးမှမကြိုက်တာ ဒေါ်ဒေါ်လှိုင်ရဲ့ "

" ဒါဆို ဘာဖြစ်လို့ သနပ်ခါးလိမ်းထားတာတုန်း "

စိမ်း ( Green )Where stories live. Discover now