မငယ်က တန်ကူးပုံစံကိုကြည့်ပြီး အရေးကြီးကိစ္စအထင်နဲ့ အန်တီ့ပွဲရုံကိုသွားဖို့ ကားငှားပေးတဲ့အခါ တန်ကူးသာကြည်မှာ အပျော်တွေပင် မဖုံးဖိနိုင်ပေ။စိတ်လှုပ်ရှားသလို ရင်တထိတ်ထိတ်ခုန်နေမိသည်။
ပွဲရုံ၏အဝတွင် စိမ်းပွဲရုံ ဟူ၍ စာလုံးလုံးကြီးဖြင့်ရေးထား၏။တန်ကူးသာကြည် ပြုံးလိုက်သည်။နာမည်တစ်ခုကပင် သည်လောက် ပြုံးစေပါလျှင် ထိုနာမည်၏ပိုင်ရှင်ဟာ တန်ကူးကို မည်မျှစိုးမိုးထားပါသနည်း။တန်ကူး မတွေးတတ်ပါချေ။
ဆယ်ဘီးကားတစ်စင်းပေါ်မှ ဆန်ပိုင်းများကိုပုဆိုးခပ်တိုတိုဝတ် အားကောင်းမောင်းသန်ယောက်ျားတစ်ချို့က ဂိုထောင်ထဲတွင် အထပ်မြင့်မြင့်ဆင့်ထပ်ထားကာ ကူးပြောင်းနေသည်ကိုတွေ့ရသည်။နေ့ခင်းမကျော်သေးတောင် ချွေးတစ်လုံးလုံးနဲ့ သူတို့ကိုကြည်ရတာ မသက်သာ။လုပ်သားများမှာ ယောက်ျားသားများ၏။မိန်းကလေးဟူ၍ မတွေ့ရ။
ပွဲရုံအလုပ်သမားများက တန်ကူးကို သိသိသာသာအကဲခတ်ကြ၏။တန်ကူးသာကြည်ကလည်းအကြောတင်းပေမို့ မျက်နှာထားကို တည်ထား၏။နားမှ စိန်နှစ်ပွင့်သည် တန်ကူးသာကြည်၏အလှကို တန်ဖိုးမြင့်သွားစေသည်။
အလှပေါ်အယဉ်ဆင့်ကာ အရပ်မြင့်မြင့်ကိုမှ ထဘီဖြူသည် ခြေမျက်စိမကျော်။ထို့ကြောင့် ညာခြေတွင်ဝတ်ထားသည့် ကျပ်သားမနည်းသောရွှေခြေကျင်းသည် တန်ကူးလမ်းလျှောက်တိုင်း တလက်လက်ဖြစ်နေ၏။တန်ကူး ဟိုလျှောက်သည်လျှောက်လှည့်ပတ်ကြည့်ရာ အန်တီကိုတော့ ဆယ်ပေပတ်လည် နိုင်ငံခြားထုတ်မှန်အထူအကြည်များဖြင့် သပ်သပ်ဖွဲ့ထားသည့် ရုံးခန်းလိုအခန်းတစ်ခုတွင်တွေ့ရသည်။ဂိုထောင်၏အနောက်ဘက်ယွန်းယွန်းတွင် ရှိ၏။ထိုအခန်းထဲကနေကြည့်ပါက ပွဲရုံတစ်ခုလုံးကို သိမ်းကြုံးမြင်နိုင်မည်။
အန်တီသည် တန်ကူးကိုမမြင်။လက်ချာစာအုပ်အထူကြီးကိုသာ ကြည့်နေ၏။တစ်ခါတစ်ရံ အန်တီရဲ့မူအတိုင်း မျက်ခုံးလေးနှစ်ဖက်စုကြုံ့သွားတက်သည်။တန်ကူးမှာ ထိုမျက်ခုံးတန်းလေးကို ဖြည်ဆွဲပေးချင်သည့် စိတ်ဖြင့် လက်တယားယားဖြစ်လာ၏။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "