11

1.5K 113 0
                                    

ရာသီဥတုသည် အိုက်ပြုတ်ကြီးဖြစ်နေ၏။မိုးအုံ့သော်လည်း အိုက်စပ်နေသဖြင့် ယပ်တခပ်ခပ်ဖြင့် သာနေရသည်။

ဦးသာကြည်တို့မန္တလေးခြံသည် ပေကျယ်သည့်အပြင် ခြံထဲ၌ အရိပ်ရ၊အပင်ကြီးမျိုးတွေဖြစ်သည့် ကုက္ကိုပင်များရှိသည်။ကုက္ကိုပင်အောက်တွင် တန်ကူးသာကြည်ငယ်ငယ်ကဆော့စီးခဲ့သည့် ဒန်းတစ်ခုရှိ၏။အရွယ်ရောက်သည်တိုင်အောင် တန်ကူးသာကြည်သည် ထိုဒန်းလေးကို သံယောဇဉ်မပြတ်သေး။သို့သော် ကလေးစီသစ်သားဒန်းလေးမို့ ယိုင်နဲ့နေလေသည်။

ဦးသာကြည်မှာ သမီးဖြစ်သူအတွက် ထိုဒန်းလေးကို ပြင်ဖို့ တွေးထားတာကြာပြီသော်လည်း အလုပ်တွေနဲ့မအားလပ်တာမို့ ယနေ့မှအကောင်ထည်ဖော်နိုင်ဝောာ့သည်။ဆွေးနေသော သစ်သားပြားလေးနေရာတွင် သစ်မာတစ်ချောင်းထည့်ပြီး ပိုပြီးခိုင်ဖို့ သံချိတ်ကြိုးကြီးဖြင့် ဆွဲထားသည်။ထို့အတွက် လက်သမားမငှား။ဖခင်မေတ္တာပဲဖြစ်ပါလိမ့်မည်။သမီးငယ်အတွက် ကိုယ့်လက်ကိုယ့်ခြေနဲ့သာ လုပ်ပေးချင်သည့်အတွက် ရာသီဥတုပူပူတွင် ချွေးတလုံးလုံးနဲ့ အလုပ်များနေ၏။

" ဟန်နီရေ...ဟန်နီ "

ခြံရှေ့တွင် သမီးပုံ့၏အင်္ဂလိပ်နာမည်ခေါ်သံကို တစာစာကြားရ၏။ပုံ့ပုံ့၏သူငယ်ချင်းတွေဖြစ်ပုံရသည်။ခြံတံခါးပိတ်မထားသည်မို့ ဦးသာကြည် ကလေးမတွေကို ဝင်ခဲ့ဖို့ လှမ်းအော်လိုက်သည်။

" အန်ကယ်လ် အိမ်မှာဟန်နီရှိတယ်မို့လား "

" မရှိဘူး။ပုံ့ပုံ့က စာကျက်ဝိုင်းသွားတယ် "

ဗမာမိန်းကလေးတွေပေမဲ့ မျက်နှာတွင် သနပ်ခါးမကပ်၊ထဘီရင်ဖုံးကိုတော့ မတက်သာလို့ဝတ်ထားပုံရသည်။ဆံပင်ကလည်း ကွေးတိကွေးကောက်နဲ့..ပုံ့ပုံ့ပေါင်းသောသူငယ်ချင်းတွေဟာ ခေတ်နဲ့မညီ၊ခေတ်ကိုမညှိ။ခေတ်ရှေ့ပြေးလွန်းသည်ဟု ဦးသာကြည်ထင်မိသည်။ထို့ကြောင့် ပုံ့ပုံ့ရဲ့သူငယ်ချင်းမတွေကို ဦးသာကြည်သိပ်သဘောမတွေ့ပေ။

ဗုဒ္ဓဘာသာဖြစ်သော်လည်း ပုံ့ပုံ့ငယ်စဉ်က အများနည်းတူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင် ကိုးတန်းထိတက်ဖူးသည်မို့ အင်္ဂလိပ်စာကတော့မွတ်နေအောင်ကျွမ်းသည်။ဟန်နီ ဆိုသည့်နာမည်ကလည်း ဘုန်းဝောာ်ကြီးတစ်ပါးပေးခဲ့တာပင်။

စိမ်း ( Green )Where stories live. Discover now