Zawgyi

444 16 0
                                    

တန်ကူး၏အိပ်ခန်းသည် ဒုတိယထပ်ရှိ အန်တီနဲ့ဘေးကပ်ရပ်အခန်းပင်။ဧည်သည့်အခန်းဟုမဆိုနိုင်အောင် သေသေသပ်သပ်နဲ့ ဖုန်တစ်စက်မရှိရအောင် ရှင်းလင်းပေးထားမှန်းသိသာစွာ အိပ်ကုတင်ဘေးက စားပွဲပုလေးတွင် နှင်းဆီဖြူအနည်းငယ်ထိုးထည့်သောအဖြူရောင်ကြွေအိုးလေးရှိသည်။ဂမုန်းသီးသန့်သာစိုက်သော အိမ်တွင် နှင်းဆီဖြူရှိနေသည့်အပြင် ပြတင်းပေါက်တွင်ချိတ်ထားသည့် လိုက်ကာစအရောင်ကအစ တန်ကူးအကြိုက်ဆုံးအဖြူရောင်ကို ရွေးသုံးပေးထားသဖြင့် ဧည့်ဝတ်ကျေသော တစ်စုံတစ်ယောက်အပေါ် တန်ကူးအမှတ်ပိုပိုသာသာပေးမိ၏။

ခရီးပန်းလာသည့်အရှိန်နဲ့ပေါင်းပြီး နေရာစိမ်းရောက်နေတာတောင် တန်ကူးညက ကောင်းကောင်းအိပ်ပျော်သည်။အိပ်မက်ကလေးထဲတွင် နှုတ်ခမ်းထောင့်စွန်းစွန်းကပါးခွက်လေးနှစ်ခုလေးတွေကြောင့်သာ မဟုတ်ရင် တန်ကူးအိပ်မက်တွေ လှနေစရာအကြောင်းမရှိပါ။

မနက်ခင်းတွင်တော့ တန်ကူးစောစောနိုးနေသည်။
ညက ထမင်းသိပ်မဝင်သောဗိုက်ကလည်း ဟာနေ၏။မနက်စောစော၌ ကော်ဖီနံ့ခါးသက်သက်သည် လေထု၌ဝေ့ပျံနေကာ တန်ကူးကို အိပ်ယာပေါ်၌ အချိန်ဆွဲခွင့်မပေးပါ။အိပ်ခန်းနဲ့အတူရေချိုးခန်း၊အိမ်သာတွဲရက်ပါတာမို့ မျက်နှာကို ခပ်မြန်မြန်သစ်ပြီး တဘတ်ဖြင့် ပြီးစလွယ်သုတ်လိုက်၏။ထို့နောက် မီးဖိုချောင်သို့ ပြေးရသည်။

" အန်တီ... "

" မျက်နှာသစ်ပြီးပြီလား တန်ကူးသာကြည်။တို့ မင်းအတွက် ကော်ဖီနဲ့မုန့်ပြင်ပေးထားတယ် "

" ကော်ဖီမကြိုက်ဘူး "

ကိုယ်တိုင်ဖုတ်ထားသည့် နို့ကြက်ဥကိတ်မုန့်သားများကို အစိတ်ညီအောင် ဓားရှည်တစ်လက်နဲ့လှီးဖြတ်နေသည့်မြစိမ်းလက်ကလေး တုံ့ကနဲ ရပ်သွားသည်။အနံ့မွှေးမွှေးကော်ဖီခါးခါးတွေဟာ တစ်ပါးသူ၏အကြည့်တို့ပင် မရောက်လိုက်ပါ။ မြစိမ်းရဲ့စိတ်ကူးထဲတွင်ပျောက်ကွယ်သွားရသည်ကို စိတ်မကောင်းဖြစ်သွားပေမဲ့ မြစိမ်းတက်နိုင်သမျှ နှုတ်ဆိတ်နေမိပြန်သည်။ကလေးငယ်နိုးလာရင် အဆင်သင့်စားနိုင်ရန် ကော်ဖီနှပ်ဖို့၊ကိတ်မုန့်ဖုတ်ဖို့ အချိန်မှီအောင် မြစိမ်း မနက်လေးနာရီလောက်ထလုပ်ထားရတာ...

စိမ်း ( Green )Where stories live. Discover now