ဆေးခန်းကအပြန် ကိုကိုကြီးကို အကြောဆေးတစ်လုံးထိုးပေးလိုက်သည် ဟု ဆိုသည်။ညနေခင်းမှ မြစိမ်းကိုယ်တိုင်လုပ်ထားသည့် ကြက်သားဆန်ပြုတ်လေးနဲ့ဆေးကို ကိုကိုကြီးကို ဝင်အောင် တိုက်ရ၏။ဆေးအရှိန်နဲ့ ကိုကိုကြီးအိပ်သွားပြီဆိုမှ မြစိမ်းကိုယ့်အခန်း ကိုယ်ပြန်သည်။
တစ်ညနေလုံး မြစိမ်းအခန်းပြင်မထွက်။
မငယ်စီက ငှားထားသော ဝတ္ထုစာအုပ်ဖတ်နေသည်။အချိန်တွေဘယ်လိုကုန်သွားမှန်းမသိ။မငယ်က ထမင်းစားလာခေါ်ရသည်အထိ မြစိမ်း ဝတ္ထုထဲ ဈာန်ဝင်သွားသည်။မြစိမ်း ဝတ္ထုတွေဖတ်တတ်တာ မကြာသေးပါ။မြစိမ်းနဲ့အလှမ်းဝေးသော အချစ်ဇာတ်လမ်းများနှင့် ဝတ္ထု၏အနှစ်သာရ၊အဖွဲ့အနွဲ့များကို တစ်ခါဖတ်ကြည့်ရုံနဲ့ ပင်လယ်ရေပမာ သောက်လေသောက်လေငတ်မပြေနိုင်လေဖြစ်နေသည်။
အသက်သုံးဆယ်ကျော်ပြီးမှ မကြီးမငယ်နဲ့ ဝတ္ထုစွဲနေသည်။ရံဖန်ရံခါ မြစိမ်း စိတ်ကူးယဉ်တတ်သေး၏။" မမစိမ်း ထမင်းသိပ်မဝင်ပါလား။ကိုကိုကြီးစီက အဖျားများ ကူးနေလား "
" မဖျားပါဘူး။စိမ်း စားချင်စိတ်မရှိလို့ "
" တန်ကူးနဲ့တစ်ခုခုဖြစ်ထားတာလား မမစိမ်း "
မငယ်က အစ်မေးသည်။
" မဖြစ်ပါဘူး။ဖြစ်စရာကို မရှိတာ "
အမှန်ပေ။
ဖြစ်စရာမရှိလို့ ဘာမှမဖြစ်တာကိုက မြစိမ်း ခံရခက်ခြင်းပင်။သူဖုန်းဆက်မယ်ဆိုလို့ မြစိမ်းမှာ နေမကောင်းတဲ့ကိုကိုကြီးကိုတောင် မငယ်နဲ့လွှဲပြီး တစ်ညနေလုံး တယ်လီဖုန်းရှေ့ ငုတ်တုပ်ထိုင်စောင့်နေတာ။သူကဝောာ့ သူငယ်ချင်းမတစ်သိုက်နဲ့ ပျော်ပါးနေသည် တဲ့။မြို့မမှာ ရုပ်ရှင်ဝောာင်သွားကြည့်လိုက်သေး၏။
' ပုံ့ပုံ့ကို နေ့ခင်းကပဲ သူ့သူငယ်ချင်းမလေးတစ်သိုက်လာခေါ်သွားလေရဲ့။မြို့မရုံမှာ အသစ်တင်တဲ့ရုပ်ရှင်ကြည့်ကြမယ် ဆိုပဲ။ခုညနေစောင်းတဲ့အထိကို ပြန်မလာကြသေးဘူး။မိပုံ့တို့က လည်ရ၊သွားရမယ်ဆို သူ့အပြင်နှစ်ယောက်မရှိဘူး။မမာ ပုံ့ပုံ့ပြန်လာရင် ဖုန်းပြန်ဆက်ခိုင်းမယ်လေ '
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "