နေ့ခင်းတွင် မြစိမ်းတို့ မေညို့ကိုခေါ်ပြီး
ဗိုလ်ချုပ်ဈေးကိုသွားကြမည်။ဝယ်စရာဆိုလို့ မေညို့အတွက် အဝတ်စားကလွဲရင် ကျန်တာသိပ်မရှိပါ။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ရောက်လာသည့် မိန်းကလေးမို့ မြစိမ်းတို့က ဆင်ပါသည်။ဘိုးဘွားပိုင်ရတနာကိုးသွယ်ကိုလည်း ကိုကိုကြီးနဲ့တိုင်ပင်၍ ကိုလေး၏ဝေစုအတိုင်းခွဲပေးထားပါသည်။မေညိုကို ကိုလေးရဲ့ဇနီး၊မြစိမ်းတို့ရဲ့ယောက်မဆိုပြီးလည်း ဂရုစိုက်သင့်သလောက် ဂရုစိုက်ပါရက်နဲ့ မန္တလေးထိ စေတနာကျွံပြီးခေါ်သွားဦးမည့်လူက ရှိနေပြန်တော့ မြစိမ်းစိတ်ဆိုးမိတာ လွန်သလား....
" မငယ် ဟိုတစ်ယောက်ကိုပါ လိုက်မလားလို့ သွားခေါ်ပါဦး "
" မမစိမ်းခေါ်ချင် ကိုယ့်ဘာသာသွားခေါ်ပေါ့ "
" အို...စိမ်းမခေါ်ချင်ပါဘူး။တို့တွေက သွားပြီး သူတစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရတယ် ဖြစ်မှာဆိုးလို့ပါ "
" ရန်ဖြစ်ထားတာကြလား မမစိမ်း "
မငယ်က လေသံအေးအေးလေးနဲ့မေးသော်လည်း
မြစိမ်းက မပြောချင်ဟန်နဲ့ နှုတ်ခမ်းလေးကို မဲ့ချပစ်လိုက်သည်။သို့ပေမဲ့ တစ်ဖက်မှာတော့ မငယ်ကို ရင်ဖွင့်ပြောပြချင်နေမိသည်။" မပြောချင်ပါဘူး မငယ်ရယ် "
" အဲ့တာဆိုလည်း မပြောပါနဲ့တော့ "
ဘယ်နှယ့်...
မိန်းမတို့သဘာဝအတိုင်း မူလိုက်ကာမှ ပြောပေါက်ပိတ်သွားလေခြင်း။မြစိမ်း အင်တင်တင်နဲ့ရင်ထဲမှာ မခံချိမခံသာဖြစ်သွားလေသည်။ထို့အပြင်မငယ်ရဲ့အလိုက်မသိပုံကြောင့် မငယ်ကိုပါ မြစိမ်း မျက်စောင်းလေးနဲ့ မထိတထိရွယ်လိုက်သေး၏။
" ဟို...အန်တီငယ်ရော၊အန်တီစိမ်းရောမသွားချင်ရင် မေညိုသွားခေါ်ပေးမယ်လေ "
အနားမှာအသင့်ရှိနေတဲ့မေညိုက သွက်သွက်လက်လက်လေးဝင်ပြောသည်။သည်အိမ်မှာ မေညို့အတွက် အလုပ်ဟူ၍ မရှိပါ။အရင်ကမှ မေညို မနက်ဆို ကျောင်းမသွားခင် အကြော်ဗန်းရွက်ပြီး ဈေးထွက်ပါသေးသည်။ မူးယစ်ဆေးရဲ့ကျေးကျွန်ဖြစ်နေတဲ့အဖေ့စီမှ ထောက်ပံ့မှုမရခဲ့ပါ။အခုလည်း ဦးကိုလေးတစ်မျက်နှာတည်းကြည့်ပြီး လိုက်လာခဲ့သူမို့ အန်တီတို့ငြိုငြင်မှာ မေညိုကြောက်ပါသည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "