မှုန်ပြပြမြင်နေရသည့်တိမ်စိုင်တွေ။အငွေ့သဖွယ်ရွေ့လျားနေတဲ့ တိမ်မျှင်တွေ။လွင့်ပြယ်နေသော တိမ်မျှင်လေးတွေက ဖမ်းဆုပ်ချင်စရာ။ထိတွေ့ကိုင်တွယ်ချင်စရာ။ငေးကြည့်နေရတာနဲ့တင် အတော်လှသည့် သဘာဝအလှတွေပင်။ကြည်ပြာသည့်ကောင်းကင်နဲ့အတူဖြူလွှလွှတိမ်မျှင်လေးတွေက လှပစွာပင်။ကောင်းကင်အမြင့်မှကြည့်ရသည်မို့ အောက်ဘက်ရှိ အရာဝတ္ထုတိုင်းကို မြင်နေရသည်က မှုန်ဝါးဝါးသာ။အရှိန်အဟုန်မှန်မှန်ဖြင့် ရွေ့လျားနေတဲ့ စက်ယန္တရားတစ်ခု။အနည်းငယ်မျှ ကြားရသည့် ကျေးငှက်သံတွေက နားဝင်ချိုစွာပင်။ဖြည်းညင်းစွာ နှိမ့်ကျသွားသော အရာကြောင့် ရင်ထဲ၌ အအေးလှိုင်းတစ်ခု ဖြတ်သွားသလို ခံစားလိုက်ရသည်။စည်းချက်မှန်စွာမောင်းနှင်လာခဲ့သည့် လေယာဉ်ဟာ ကောင်းကင်အမြင့်မှ အောက်ဘက်မြေပြင်သို့ ဆိုက်ကပ်သွားလေပြီ။
လေဆိပ်ထဲတွင်မြင်နေရသည့် လူတွေက လူမျိုးပေါင်းစုံ၊စရိုက်ပေါင်းစုံပင်။လေယာဉ်ပေါ်မှဆင်းလိုက်သည်နဲ့ ရှူရှိုက်ရသည်က အမိမြေရဲ့သဘာဝလေစစ်စစ်။လွမ်းဆွတ်ခဲ့ရသည့် အမိနိုင်ငံ။ငယ်စဉ်ကတည်းက အင်္ဂလန်ဆိုသည့် နိုင်ငံကြီးတစ်ခုမှာနေလာတာကြောင့် မြန်မာနိုင်ငံ အငွေ့အသက်က သူမအတွက်သူစိမ်းဆန်လှသည်။လာကြိုသည့်သူမလာမချင်း စောင့်နေသည်ကို သူမစိတ်မရှည်ချင်တော့ပေ။နှုတ်မှတောက်တစ်ချက်ခေါက်လိုက်သည်က အနည်းမျှကျယ်လောင်တာကြောင့် လူတစ်ချို့ရဲ့ အကြည့်က သူမဆီကို ဦးတည်လာလေသည်။သို့ပေမဲ့လည်း သူမကတော့ မည်သူကိုမျှဂရုမစိုက်တတ်ပေ။
"မမလေး ကျွန်တော်နောက်ကျသွားလို့တောင်းပန်ပါတယ်"
အသံတုန်တုန်ယင်ယင်ဖြင့်ပြောနေသူကား သူမအဖေ၏ လူယုံလို့ ဆိုရသည့်သူပင်။အိမ်တွင်းရေးမိသားစုပြဿနာကြောင့်သာ ၁၀နှစ်သမီးအရွယ်ကတည်းက အမိမြေနဲ့ဆန့်ကျင်သည့်နိုင်ငံမှာ နေခဲ့ရသည်။အမေဖြစ်သူရဲ့နောက်ကိုမလိုက်ချင်ပဲလိုက်နေခဲ့ရပေမဲ့ ယခုအချိန်တွင် အမေဖြစ်သူသည် နောက်အိမ်ထောင်နဲ့မို့ ထိုနိုင်ငံမှာ သူမမနေချင်တော့တာကြောင့် ဖခင်ရှိသည့်အမိမြေမှာသာ ခြေချဖြစ်တော့သည်။