တိတ်ဆိတ်နေတဲ့ လေထု၌ မည်သည့်အသံမှမကြားရပဲ ခြောက်ကပ်စွာပင်။လမ်းပေါ်မှ ကားသံ၊ဆိုင်ကယ်သံတွေက နားထဲကို ထိုးဖောက်ဝင်ရောက်နေပြန်တော့ ဆူညံသည့်ခံစားချက်က တစ်မျိုးပင်။တိတ်ဆိတ်နေတဲ့လေထုအတွင်း၌ ရေမွှေးနံ့ခပ်သင်းသင်းလေးက လူးလွန့်လှုပ်ရှားလို့နေသည်။ကားမှန်ထဲမှ မြင်နေရတဲ့ မြမျက်နှာကို ငေးရတဲ့အချိန်တွေက နီ့အတွက်သဘောကျစရာ။
"အနီ ကားကိုသေချာမောင်းကွယ်"
ထိုသို့ပြောခြင်းက နီ့ရဲ့အကြည့်တွေကို မြသတိထားမိတာကြောင့်ပင်။မြရဲ့မျက်စိလျင်ပုံကတော့ အံ့မခန်းပင်။"သေချာမောင်းနေပါတယ်အန်တီရဲ့"
"တို့တော့ အနီက ကားမှန်ကိုပဲ ခဏခဏကြည့်နေသလိုပဲကွယ် ဘာများကြည့်စရာရှိလို့လဲ"
"မရှိပါဘူးအန်တီ"
ဒါဟာ နီရဲ့ လှပစွာလိမ်ညာလိုက်ခြင်း။ငေးစရာ၊ကြည့်စရာက သူကိုယ်တိုင်ဆိုတာ တကယ်မသိလေသလား။
"မရှိရင်လည်းအရှေ့ကိုပဲကြည့်ကွယ်။အနီရော၊တို့အတွက်ပါ စိုးရိမ်လို့"
"စိတ်ချပါ နီသေချာမောင်းမယ်နော်"
နှုတ်ခမ်းပါးတွန့်ချိုးကာ ပြုံးရယ်လိုက်သည့် မြပုံစံက ကားမှန်ထဲမှာ အထင်းသား။ဒီမြင်ကွင်းက နီ့အတွက် ရင်ဖိုစရာ၊ကြည်နူးစရာပင်။
"အနီ တို့ကိုပို့ပြီးရင် အဆောင်မှာတစ်နေကုန်အချိန်ရနေတာလား"
"ဟို.ဟုတ်ပါတယ်အန်တီ ဘာဖြစ်လို့လဲဟင်"
ဒါဟာလည်း လိမ်လည်လိုက်မိခြင်းပင်။ဒီလိုမှမပြောရင်လည်း မည်သို့မှမဖြစ်တာကြောင့်ပင်။
"ဘာမှမဖြစ်ပါဘူးကွယ် တို့ကဒီအတိုင်းမေးကြည့်ရုံပါ"
စကားသံက မဲ့သွားပြန်သည်။ကားအဖြူလေးကလည်း "မဟူရာ"ပိုးထည်တိုက်ရှေ့ကိုရောက်နေလေပြီ။ကားပေါ်မှ နီခြေလှမ်းတွေက မြရှိရာကို ဦးတည်ကာ ကားတံခါးကို အလိုက်သိစွာဖွင့်ပေးတော့ မြက နှစ်လိုဖွယ်ပြုံးလေသည်။ဒီအပြုံး...။ဒီအပြုံးဟာ နီရင်ထဲမှ နှစ်နှစ်ကာကာ မြတ်နိုးရတဲ့အပြုံး။