ဧည့်ခန်းထဲက ရယ်သံတွေက လေးရုံအခန်းထိပင် လွင့်ပျံလို့လာသည်။ဘာသဘောကျစရာတွေရှိနေလဲမသိ။သိလိုစိတ်ဖြင့် အခန်းထဲမှ ထွက်ကာ ဧည့်ခန်းဆီကို ဦးတည်မိသည်။ဧည့်ခန်းထဲတွင်မြင်ရသူက လေးရုံစိတ်တွေကို ယောက်ယက်ခက်အောင်လုပ်တဲ့သူ၊လေးရုံနှလုံးခုန်နှုန်းတွေကို မြန်အောင်လုပ်နေတဲ့သူ။ဘာကြောင့်များလာပြန်သလဲ။ကြာရင်တာ့ လေးရုံအဖို့ လွယ်မည်မထင်။
"သမီးငယ်လာလေ ဘာရပ်လုပ်နေတာလဲ"
တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လာသည့်သူကို လေးရုံပြန်မကြည့်ရဲ။ရင်ထဲက ဂယက်ထနေသည်က ထိုလူကိုတွေ့ကတည်းကပင်။အမေဖြစ်သူရဲ့ဘေးမှာသာ လေးရုံအသာလေးဝင်ထိုင်လိုက်မိသည်။အစကတည်းကထွက်မလာမိခဲ့ရင်အကောင်းပင်။
"သမီးငယ်လေးက ဆယ်တန်းအောင်ပြီးပြီလား"
"သမီးငယ်လေးက ငယ်ငယ်က ကျန်းမာရေးချူချာလို့ အခုမှဆယ်တန်းစတက်မှာကြည်ရဲ့"
ထိုစကားဝိုင်းမှာ တိတ်နေသူက မင်းသစ္စာနဲ့ မြလေးရုံပင်။တစ်ချက်တစ်ချက်အကြည့်ဆုံတိုင်းအရင်လွှဲလိုက်သူမှာ လေးရုံပင်။ထိုလူ့အကြည့်တွေကို လေးရုံရင်မဆိုင်ရဲပေ။
"ဘယ်မှာထားဖို့စိတ်ကူးထားလဲ"
"သမီးငယ်လေးက ကျူရှင်ပဲတတ်မယ်တဲ့ အဆောင်တွေ၊ဘာတွေလည်း မနေချင်ဘူးတဲ့ သန္တာလည်း ဘယ်လိုစီစဉ်ရမလဲ မသိသေးဘူး ကြည်ရယ် ဒါနဲ့သားက အခုရော ဘာလုပ်ငန်းလုပ်နေလဲ"
"သားက ဘွဲ့ရပြီးကတည်းက သူ့အဖေရဲ့ သားရေစက်ရုံမှာပဲ ဝင်လုပ်နေတာ"
"ကောင်းတယ် သားလေးက လိမ္မာတော့ ကြည်တို့အတွက်ကောင်းတာပေါ့"
"ဒါပေါ့ သန္တာရယ်"
"သားကို အန်တီအကူအညီတစ်ခုလောက်တောင်းလို့ရမလားကွယ်"
"ဟုတ်ကဲ့ ပြောပါအန်တီ"
စကားပြောပုံက လူငယ်ဖြစ်သော်လည်း တည်ငြိမ်လွန်းသည်။ရိုသေမှုကလည်းပေါ်လွင်နေသည်။
"သားက တစ်ခြားနေရာမှာ အလုပ်လုပ်တာ မဟုတ်ဘူးဆိုတော့ ဒီက အန်တီ့သမီးလေးကို အားတဲ့အချိန်လေးစာပြပေးနိုင်မလား သူ့အစ်မကလည်း သူ့ကျောင်းနဲ့သူဆိုတော့ အဆင်မပြေဘူးလေ ကျူရှင်ထားတယ်ဆိုပေမဲ့လည်း အနီးကပ်သင်ပေးနိုင်တဲ့သူရှိဦးမှမလား ဆရာမငှားပေးမယ်ပြောတော့လည်း ဒီပေပေကပ်မလေးက လက်မခံဘူး"