ဆေးရုံ။လူတွေမများသင့်သည့်နေရာဖြစ်သော်လည်း ဒီမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုဖြစ်သည်မို့ မန္တလာဆေးရုံ၌ လူတွေက ခပ်ရှုပ်ရှုပ်ပင်။ဒီဆေးရုံကိုခြေချလိုက်ကတည်းက ကြည်နူးနေတဲ့ တေဇာ့စိတ်အစုံက မည်သူ့ကြောင့်လဲဆိုတာ တေဇာကိုယ်တိုင်ပဲသိလေသည်။ဓာတ်လှေကားမှာပင် လူတွေများနေသည်မို့စောင့်နေရသည်က ငါးမိနစ်ပင်မကတော့။
"သားအလုပ်ပြန်သွားရမှာဆိုတော့ စောင့်လို့ဖြစ်ရဲ့လား"
အသက်၅၀ကျော် အသားဖြူဖြူနဲ့အမျိုးသမီးကြီးက တေဇာ့ရဲ့အမေ။အသက်ကြီးသော်ငြား ရုပ်ရည်ကတော့နုပျိုနေဆဲ။အရွယ်တင်နေဆဲ။
"ရပါတယ်မေမေရဲ့ မမလေးကို သားသေချာပြောခဲ့ပါတယ်"
"အဆင်ပြေရင်လည်း ပြီးတာပါပဲကွယ်"
သားအမိနှစ်ယောက်သာ ရှိသည်မို့ တေဇာ့အတွက်တော့ သူ့အမေကသာ အရေးကြီးသည့် လူတစ်ယောက်ပင်။တေဇာ့ဘဝရဲ့အရာရာ။အချစ်ရဆုံးသော အမျိုးသမီးတစ်ဦးဆိုလည်းမမှား။ခဏကြာတော့ ဓာတ်လှေကားကအပေါ်ထပ်ကိုပို့ပေးဖို့ အသင့်ဖြစ်လို့နေသည်။အနည်းငယ်များတဲ့ လူတွေကြောင့် တေဇာ့အဖို့ အသက်ပင်ကောင်းကောင်းရှူမရ။တော်တော်လူများတဲ့ ဆေးရုံပါလေ။
လျှောက်လမ်းမှာလှမ်းနေတဲ့ တေဇာ့ခြေလှမ်းတွေဟာ အမျိုးသမီးတွေကြောင့် အတိုင်းမသိရပ်တန့်လို့သွားသည်။အဝါရောင်မြန်မာဝမ်းဆက်ပေါ်က ဂျူတီကုတ်အဖြူက ခပ်ထင်းထင်း။လည်တိုင်ကျော့ကျော့ပေါ်က နားကြပ်လေးက ပနံ့သင့်စွာ။တေဇာ့အမြင်အာရုံတွေက ထိုအမျိုးသမီးနဲ့သာ သက်ဆိုင်နေလျက်။ရပ်တန့်သွားတဲ့တေဇာ့ရှေ့ကို တည့်တည့်မတ်မတ်ရောက်လာခဲ့တဲ့ အမျိုးသမီးဟာ ခပ်ပြုံးပြုံးလေးပင်။
🥰"ဟို ဟန်နီသစ္စာရဲ့ကုမ္ပဏီကတစ်ယောက်မဟုတ်လား"
"ဟုတ်ပါတယ်ဗျ ကျွန်တော့်နာမည်တေဇာကျော်ပါ"
"အင်း တို့နာမည်မြလေးရုံပါ ဆေးရုံလာပြတာလား ဘယ်သူဘာဖြစ်လို့လဲ"
အသိမိတ်ဆွေတစ်ယောက်လို သတ်မှတ်သည်မို့ လေးရုံ ထိုသို့မေးလိုက်လေသည်။