ညစာစားဝိုင်းလေးက စုံလင်စွာပင်။စားပွဲဝိုင်းတစ်ခုလုံးက "နီ့"အကြိုက်ဟင်းတွေသာ။လက်ဆုံမစားဖြစ်ကြတဲ့ သူတွေမို့ ထမင်းဝိုင်းလေးက ပြည့်စုံစွာပင်။ကလေးတစ်ယောက်ပမာ ဂရုစိုက်ပေးတဲ့ ဖခင်ကြောင့် "နီ"အနေပင်ခက်လာသည်။
"သမီးငယ် စိတ်ကြိုက်စား ဒက်ဒီတို့ အခုလို ထမင်းလက်ဆုံမစားရတာတောင် ကြာပြီ"
"နီ့အကြိုက်တွေကြည့်ပဲ စားမှာပေါ့"
ကလေးငယ်ပမာ ပြုံးပြသူနေသော "နီ"က အဖေဖြစ်သူရဲ့ အချစ်တွေကို ပိုအောင်လုပ်နေသလိုပင်။ထမင်းတစ်ပန်းကန်က "နီ့"ဝမ်းဗိုက်ထဲ ချောချောချူချူရောက်သွားလေသည်။ဘေးတွင်အသင့် ချထားသည့် အအေးကို တစ်ငုံစာမျှ သောက်လိုက်သော နှုတ်ခမ်းပါးနဲ့ အတော်လိုက်ဖက်သည်။"နီ"ရဲ့အလှဟာ တကယ့်ဆွဲအားပြင်းသည့် အလှမျိုးပင်။ခေတ်ဆန်ဆန်လှသည့် ၂၃နှစ်အရွယ် မိန်းမပျိုလေး "နီ"ဟာ ဖခင်အတွက်တော့ ကလေးငယ်တစ်ယောက်လိုပင်။
စာရင်းစာရွက်တွေနဲ့အတူ မီးခိုးရောင်လက်တော့ပ်လေးက မှန်စားပွဲပေါ်၌ နေရာယူလို့နေသည်။ထိုအရာဝတ္ထုတွေနဲ့ တွဲဖက်မြင်နေရသည်က ဖခင်ဖြစ်သူပင်။အလုပ်မှာ အမြဲအာရုံတစိုက်ရှိတဲ့ အဖေဖြစ်သူကို "နီ" ငယ်စဉ်ကတည်းက အားကျခဲ့ရတာ အမှန်။ဒီနိုင်ငံကို ပြန်လာခဲ့ခြင်းက ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးချင်တာလည်း ပါသည်။နိုင်ငံခြားမှာ သင်ယူခဲ့သည့်ပညာနဲ့ရထားသည့်ဘွဲက ဒီအလုပ်တွေနဲ့ အံဝင်ခွင်ကျပင်။
"ဒက်ဒီ နီ ဘာကူညီပေးရမလဲ"
"ရပါတယ် ဒီနေ့တော့ သမီးငယ်နားလိုက်ဦး မဟုတ်ရင်တောင် ဒီလုပ်ငန်းတွေကို သမီးငယ်ပဲ ဦးစီးရတော့မှာ"
"နီ အကောင်းဆုံးကြိုးစားပါ့မယ်"
"သမီးငယ်အရည်အချင်းကို ဒက်ဒီယုံတယ် သွားနားတော့ သမီးငယ်"
"ဟုတ်ကဲ့"
ထထွက်လာမိသော ခြေလှမ်းတွေက ခပ်ဖွဖွပင်။မှိန်ပြပြ အခန်းငယ်လေးအတွင်း ပျံ့ လွင့်သွားသည်က "နီ့"နှုတ်ခမ်းပါးမှ မှုတ်ထုတ်လိုက်သည့် စီးကရက်ငွေ့တွေပင်။ဖြူဖြူသွယ်သွယ်လက်ချောင်းတွေကြားမှာ စီးကရက်ညှပ်ထားပုံက စတိုင်ကျလွန်းသည်။လက်သည်းရှည်ရှည်တွေပေါ်မှာ နေရာယူထားသည်က အညိုရောင် လက်သည်းဆိုးဆေးပင်။ဖြူစွတ်စွတ် လက်ချောင်းတွေနဲ့ လက်သည်းဆိုးဆေးအညိုရောင်က လိုက်ဖက်စွာပင်။တိမ်ညိုတွေကြားထဲမှ တရိပ်ရိပ်နဲ့ ထွက်လာသည့် လခြမ်းကလေးက အလင်းရောင်မှိန်မှန်လေးနဲ့ ကြည့်ကောင်းသည်။အခန်းငယ်အတွင်း၌ လရဲ့ အလင်းရောင်ငယ်လေးရယ်၊စီးကရက်ဆီမှ တဖြေးဖြေး ထွက်ပေါ်လာတဲ့ အငွေ့ဖြူဖြူတွေရယ်၊စီးကရက်တစ်လိပ်ကို စတိုင်ကျကျ ရှူရှိုက်နေတဲ့ "နီ"ရယ်မို့ ပြီးပြည့်စုံနေတဲ့ အခန်းငယ်လေး ဖြစ်နေလေသည်။