စီးကရက်တစ်လိပ်ကို မာန်ပါပါ ရှိုက်ဖွာနေပုံက လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်က လူငယ်တစ်ယောက်လိုစတိုင်မကျသော်လည်း ကြည့်ကောင်းသေးသည်။ဘယ်ဘက်လက်ထဲက ဒိုင်ယာရီစာအုပ်လေးကို ဖွင့်ကြည့်ဖို့ သတ္တိရှိမနေခဲ့ပေ။ဒီစာအုပ်...။လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်ထဲက ရှိခဲ့တဲ့ ဒီစာအုပ်က အနည်းငယ်ဟောင်းနွမ်းသွားသော်လည်း စာတွေကတော့ အသက်ဝင်နေဆဲ။တစ်စုံတစ်ရာကို အချိန်ကြာကြာထိ ငေးမိနေစဉ် နားထဲ၌ တစ်စုံတစ်ယောက်ရဲ့အသံက ခပ်သဲ့သဲ့လေး တိုးဝင်လာသည်။
"အစ်ကိုဆေးလိပ်သောက်တဲ့ပုံက အရမ်းစမတ်ကျတာပဲ"
ဒီအသံ။သေချာပေါက် မြလေးရုံရဲ့အသံ။တိုးဝင်လာသည့် အသံကြောင့် ဝဲဘက်ရင်အုံ၌ နာကျင်မှုက အစပြုလေသည်။ပွဲအစကတည်းက နာကျင်ခဲ့ရတဲ့ ဦးမင်းသစ္စာဟာ အခုထိ နာကျင်နေရဆဲ။
"ဒက်ဒီ"
အတွေးတွေ လွန်သွားတော့ ဦးမင်းသစ္စာအကြားအာရုံထဲ မည်သို့အသံမှ မဝင်ရောက်နိုင်။
"ဒက်ဒီ"
စာရေးစားပွဲဘေးက ခုံလွတ်မှာ ထိုင်သည့် နီ့ကြောင့်သာ အတွေးတွေဟာ ပျက်ပြယ်သွားတော့သည်။အတွေးတွေပျက်ပြယ်သွားရုံတင်မကပဲ လက်ထဲက ဒိုင်ယာရီစာအုပ်ကိုလည်း အလျင်အမြန်သိမ်းလိုက်မိသေးသည်။ထိုအချိန်၌ နီ့အကြည့်တွေက ထိုစာအုပ်ကလေးဆီမှာသာ။လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက နီတွေ့ခဲ့သည့် စာအုပ်လေးက အခုထိရှိနေသေးတော့ နီ့စိတ်ထဲ မသင်္ကာမှုက ကိန်းအောင်းလို့လာသည်။
"သမီးငယ်ပြောစရာရှိလို့လား"
"ထွေထွေထူးထူးမရှိပါဘူး အခန်းတံခါးပွင့်နေလို့ နီဝင်ခဲ့လိုက်တာ ဒက်ဒီရယ် ဆေးလိပ်တွေမသောက်ပါနဲ့ဆို ဆရာဝန်က မသောက်နဲ့ ပြောထားတယ်မလား"
ဒီစီးကရက်တွေဟာ တစ်စုံတစ်ယောက်ကို သတိရလို့ မတည့်မှန်းသိသိရက်နဲ့ ရူးမိုက်စွာသောက်နေမိခြင်းပင်။အသက်တွေသာ ပြောင်းလဲသွားသော်လည်း တစ်စုံတစ်ယောက်ပေါ်မှာထားတဲ့ ဦးမင်းသစ္စာရဲ့ အချစ်နဲ့မေတ္တာတွေဟာ မပြောင်းလဲခဲ့။