ခြံထဲ၌ လမင်းကြီးရဲ့ အလင်းရောင်က လုံလောက်အောင် ဖြန့်ကျက်ထားသည်။အဖြူလွင်လွင်ခန်းဆီးစမှ တိုးဝင်လာသည့် လေအေးအေးက ခပ်စိမ့်စိမ့်ပင်။လက်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်နေသူက ပတ်ဝန်းကျင်ကိုပင် မေ့နေသလို။လကုန်ခါနီးမို့ စာရင်းတွေကို စုပေါင်းကာ စစ်နေရသည်မို့ အချိန်ကိုပင်သတိမပြုမိ။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကို ခပ်သဲ့သဲ့သာ ကြားလေသည်။မည်သူလဲဆိုတာကိုတော့ မြအသေအချာမသိ။
"မမ လေးရုံပါ ဝင်ခဲ့လို့ရမလား"
"အင်း ဝင်ခဲ့လေ"
အခန်းထဲကို ဝင်လာသည့် လေးရုံမျက်နှာကို မြ တစ်ချက်မျှသာကြည့်ပြီး မျက်ဝန်းတွေကလက်တော့ပ်ဆီကိုသာ ဦးတည်လေသည်။
"မမ"
"အင်း ပြောစရာရှိလို့လား"
မြမျက်ဝန်းတွေက လက်တော့ပ်ပေါ်မှ တစ်ဖဝါးမှမခွာ။နှုတ်ခမ်းပါးတွေကလည်း စေ့ထားသေးသည်။
"အနီ့ကို ဘယ်လိုမြင်လဲ"
"ဘာရယ်"
"အနီ့ကို ဘယ်လိုမြင်လဲလို့"
နီဟာ ဟန်နီသစ္စာဆိုတာ သိနေသူမို့ လေးရုံမေးနေမိခြင်းပင်။မြရင်ထဲက ခံစားချက်တွေကို တစိုးတစ သိမလားလို့ မေးနေမိခြင်းပင်။
"ဟောတော် ငါက ဘယ်လိုမြင်ရမှာ ဒီတိုင်းပဲလေ"
"ဒါဆို အချစ်ကိုရော ဘယ်လိုမြင်လဲ"
အကြောင်းမဲ့စွာ မေးခွန်းတွေတစ်ခုပြီးတစ်ခု မေးနေသည့် လေးရုံကို မြနားမလည်နိုင်တော့။အဘယ်ကြောင့်မေးနေသလဲဆိုတာမသိ။
"ဘာလဲ နင်ချစ်ရတဲ့သူတွေ့နေလို့လား"
"မဟုတ်တာ"
"ဒါဆိုဘာလို့မေးနေတာ"
လက်တော့ပ်ကိုပိတ်ကာ လေးရုံဘက်ကို လှည့်လိုက်လေသည်။ညဘက်ဖြစ်သော်ငြား မြရဲ့အလှတရားက တောက်ပနေဆဲ၊ထည်ဝါနေဆဲပင်။
"မမများ အချစ်ကို ခံစားတတ်နေပြီလားလို့"
"အို ပေါက်ကရတွေ။ငါ့အရွယ်က အချစ်ကိုခံစားပါဦးမလား"