ဧည့်သည်ဆိုသည့်လူက သူ့နှလုံးသားကို ကွဲကြေအောင်လုပ်နိုင်လိမ့်မည်ဆိုတာ သူတကယ်ပင်မသိခဲ့။
ဧည့်သည်တဲ့။အမေဖြစ်သူပြောတဲ့ ဧည်သည့်ဆိုတဲ့သူက သူ့အတွက်တော့ စိမ်းသက်သက်ဧည့်သည်မဟုတ်။မြင်ဖူး၊တွေ့ဖူးနေကျသူသာ။စကားတွေလည်းပြောဖူးသည်။တစ်ယောက်နဲ့တစ်ယောက်လည်းရင်နှီးသည်။ဒါကို ဧည့်သည်တဲ့လား။ဧည့်ခန်းထဲ၌သာ ထိုင်နေရသည် စိတ်ကတော့ တစ်စုံတစ်ယောက်ဆီ၌သာ ကပ်တွယ်နေလေသည်။နဂိုကတည်းက အနေအေးသူမို့ ဒီစကားဝိုင်းက သူနဲ့မသက်ဆိုင်သလိုပင်။
"ကိုထွဋ်ခေါင်တို့ လာမှလာပါ့မလားလို့ဗျာ"
တစ်ဖက်ကအမျိုးသားကြီးအားလေးစားစွာ ဆက်ဆံနေသည့် ဖခင်ကို သူကြည့်မိသည်။ပုံစံကတော့ သူ့အဖေထက် အသက်အနည်းငယ်ကြီးသည့်ပုံ။
"လာရတာပေါ့ ထွန်းနောင်ရာ အရေးကြီးတဲ့ကိစ္စပြောရမှာကိုကွာ"
"သား မေမေပြောတာကို သေချာနားထောင်"
ကြည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာသည့် အမေဖြစ်သူက လေးနက်သည့်အကြောင်းအရာကို ပြောတော့မည်ဆိုတာ သူ့စိတ်ထဲမှသိနေလေသည်။သို့သော်လည်း အသာလေးသာ နားထောင်ဖို့ ငြိမ်သက်နေလိုက်သည်။
"ဒီက ဦးထွဋ်ခေါင်သမီးနဲ့ သားကို မေမေတို့ လူကြီးချင်း သဘောတူထားတယ်"
လေယူလေသိမ်းမှန်မှန်ပြောနေတဲ့အမေဖြစ်သူ
စကားလုံးတွေက သူ့ရင်ထဲကို မီးစပမာ ဝင်ရောက်လာလေသည်။နှလုံးသားတစ်ခုလုံးကို အမြင့်တစ်နေရာကနေ လွှတ်ချခံလိုက်ရသလို လစ်ဟာသွားသည်။ပူထူလာသော မျက်နှာက နီရဲစပြုနေလေပြီ။အသားတွေကအစ ကြွက်သားတွေရဲ့ကြမ်းတမ်းစွာလှုပ်ရှားမှုကြောင့် တုန်ရီနေလေပြီ။"ဗျာ"
ထိုစကားလုံးတစ်လုံးကိုပင် မနည်းအားယူပြီး ပြောလိုက်ရသည်။သူ့နှုတ်မှ မည်သည့်စကားမှ ထွက်ဖို့ မဖြစ်နိုင်တော့။
"ဟုတ်တယ်သား သားတို့မင်္ဂလာပွဲကိစ္စအတွက် မေမေတို့တွေကပဲ သေချာစီစဉ်ပေးမယ်"