နေဝင်ချိန်အလှဟာ ခပ်ငြိမ်ငြိမ်လေးမို့ ကြည့်ရတာမျက်စိပင်အေးစေသည်။သို့သော်လည်း နေဝင်ချိန်အလှကို မြအသေအချာပင်မကြည့်ဖြစ်ခဲ့ပေ။ခြံထဲကိုဝင်လာကတည်းက လေးရုံကားကို ဆင်ဝင်အောက်မှာတွေ့နေရသည်မို့ ကားကိုအနောက်မှာသာရပ်ဖြစ်သည်။ကားရပ်လိုက်သော်လည်း ကားပေါ်က ကလေးမလေးဟာ အခုချိန်ထိ မနိုးသေးဘဲအိပ်ပျော်နေဆဲပင်။ကားခုံပေါ်မှာ ခွေခွေကလေးဖြစ်နေတဲ့ နီ့ကိုမြင်တော့ ဒီလိုဖြစ်စေဖို့စတင်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မိသည်။
"မမ ဘာဖြစ်လို့လဲ"
"ဟို လေးရုံ ကားထဲမှာအနီပါလာတယ်"
မြအသံဟာ အနည်းငယ်မျှအေးစက်ကာ တုန်ယင်နေလေသည်။တကယ်တော့ ရှက်စိတ်ရှိနေလို့ ထိုသို့ဖြစ်နေခြင်းပင်။
"အနီဟုတ်လား။ ကားပေါ်ကဆင်းခိုင်းလိုက်လေမမရဲ့"
"မရဘူး။အနီကားပေါ်ကဆင်းလို့မရဘူး"
"ဘာဖြစ်လို့လဲ"
"အနီထန်းရည်မူးလာလို့"
"ဟင်"
"အင်း ငါကြောင့် ငါတိုက်လိုက်မိလို့"
အသက်လေးဆယ်ကျော်မိန်းမတစ်ယောက်ဖြစ်သွားတဲ့ မျက်နှာဟာ တကယ့်ကိုကလေးဆန်လွန်းကာ တစ်စုံတစ်ရာကိုကြောက်ရွံနေသည့်ပုံလေးက အူယားစရာကောင်းလွန်းသည်။
"မမကြောင့်ဟုတ်လား"
"အင်း သူ့ကို ငါသောက်ဖို့ တိုက်တွန်းမိလိုက်တာ"
"အဲ့တော့မူးလာတယ်ဆိုပါတော့။တို့မမကလေ"
"အဲ့လောက်မူးမယ်လို့မထင်လို့လေ"
"သူ့ကိုဘယ်လိုလုပ်မှာလဲမမ"
"ဒီနေ့တော့အိမ်မှာပဲအိပ်ခိုင်းရတော့မှာပေါ့။အဆောင်ပြန်ဖို့ဖြစ်မှမဖြစ်နိုင်တာ"
မြစကားအဆုံး လေးရုံရယ်သံလေးထွက်ပေါ်လာလေသည်။အဘယ်ကြောင့်ရယ်သလဲဆိုတာ လေးရုံကိုယ်တိုင်သာသိသည်။ဘာကိုမှမသိရှာတဲ့မြကတော့ ကြောင်အမ်းအမ်းဖြစ်နေရုံသာ။
"လေးရုံဘာရယ်နေတာလဲ"
"ဟင် ဘာမှမဟုတ်ပါဘူး။ဒီနေ့ညဒီမှာအိပ်ခိုင်းလိုက်ပါတော့လေ။သူ့ကိုနှိုးလိုက်လေမမ"