မန္တလေးမြို့၌ ဆယ်စုနှစ်တစ်ခုအထိ နေထိုင်လာခဲ့သော်လည်း ထိုအချိန်က ငယ်ရွယ်သေးသည်မို့ လမ်းတွေကို နီအသေအချာမသိခဲ့ပေ။တစ်ယောက်သောသူရဲ့ တောင်းဆိုမှုကြောင့် မသိသေးသည့် လမ်းတွေအား တေဇာ့ကို မေးထားသည်မို့ ဒီနေ့သွားမည့်နေရာတွေအတွက် ပိုအဆင်ပြေလှသည်။
အသင့်ဖွင့်ထားသည့် ခြံတံခါးကြောင့် တကူးတကဖွင့်စရာမလိုတော့။အမြဲထိုင်စောင့်နေကျနေရာလေးမှာသာ စောင့်နေမိသည်။ဆင်ဝင်အောက်က လေးရုံရဲ့ကားလေး ရှိနေသေးသည်မို့ နီ့အဖို့ စိုးရိမ်စရာပင်။ဖုန်းထဲမှ တေဇာပို့ထားသည့် လမ်းအညွှန်းကို ပြန်ကြည့်မိပြန်သည်။မနေ့ကညကတည်းက အလွတ်ရလောက်တဲ့အထိ ကြည့်နေခဲ့သည့် ဒီလမ်းအညွှန်းကိုအခုထိလည်းကြည့်နေဆဲပင်။
"အန်တီလေးရုံ"
စိမ်းပြာရောင်မြန်မာဝမ်းဆက်နဲ့ လှချင်တိုင်းလှနေသည့်လေးရုံကို နီ ကြည့်မိသော်လည်း စက္ကန့်ပိုင်းမျှသာ။လေးရုံသည်အကြောင်းစုံသိထားသူမို့ နီကြောက်ရွံ့သည်မို့ အရင်လို ရင်းနှီးစွာမနေရဲတော့ပေ။
"မမနဲ့ဘုရားသွားမှာဆို"
"ဟုတ် အန်တီက သွားချင်တယ်ဆိုလို့ပါ"
"တို့အစ်မကလည်းသွားချင်၊မင်းကလည်း လိုက်ချင် ကွတ်တိဖြစ်နေတာပေါ့"
"မဟုတ် မဟုတ်ပါဘူး အန်တီလေးရုံရဲ့"
"အမလေး ငါကဒီတိုင်းစတာ။စိတ်ကြိုက်လည်ကြပတ်ကြ ငါ့အစ်မပျော်ရင်ပြီးရော။တို့အစ်မကိုစိတ်ချမယ်နော်"
"ဟုတ်ကဲ့"
လေးရုံထွက်သွားမှသာ နီအိမ်ထဲကိုဝင်ဖြစ်တော့သည်။ဒီရပ်ဝန်းကိုရောက်တိုင်းရင်ခုန်သံစည်းချက်တွေဟာ အမြဲလိုလိုမြန်ဆန်လွန်းသည်။သေချာသည်က အချစ်ကြောင့်သာ။
"အနီ"
ချိုသာလွန်းတဲ့အသံနားထဲတိုးဝင်လာပုံက နူးညံ့ကာအေးချမ်းလွန်းသည်။လှေကားထစ်ပေါ်မှ ခြေလှမ်းတွေကို ခပ်ဖွဖွလျှောက်လှမ်းနေပုံကအစ နီ့အတွက် မြတ်နိုးစရာကောင်းလွန်းနေသည်။အဖြူရောင်ပေါ်မှာ နှင်းဆီနီတစ်ပွင့်ကို ခပ်ကြီးကြီးထိုးထားတဲ့ဝတ်စုံလေးက မြင်ရတာမျက်စိပင်အေးစေသည်။ဆံနွယ်တွေကို ထုံးဖွဲ့ထားပုံကလည်း အများအတွက်ရိုးရှင်းသော်လည်း နီ့အတွက်ထူးဆန်းကာ လှပလွန်းသည်။