မနက်ခင်းတိုင်း ဘုရားရှိခိုးသည့် မြရဲ့ပုံစံက အေးချမ်းမှုရဲ့ အရင်းတည်ရာတစ်ခုလိုပင်။မှိတ်ထားသော်လည်း မျက်ဝန်းတစ်စုံက လှပနေဆဲ။မညီမညာမျက်တောင်ရှည်တွေကကော့ဆင်းနေဆဲ။နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပုံက ဘေးတိုက်ကြည့်ရင် အတော်လှသည်။နီရဲရဲနှုတ်ခမ်းပါးက စွဲမက်ဖွယ်ရာကောင်းသည်ဟုဆိုလျှင် မှားမည်မဟုတ်။လက်အုပ်ချီထားတဲ့ လက်ချောင်းတွေကအစ နူးနူးညံ့ညံ့လေးပင်။ဘုရားကန်တော့ပြီး မြ ဦးတည်မိသည်က အခန်းဆီကိုသာ။
မှန်တင်ခုံရှေ့၌ ထိုင်ကာ အလှပြင်နေပုံက စမတ်ကျလွန်းသည်။လက်ချောင်းတွေရဲ့ လှုပ်ရှားမှုက လှပတဲ့ပန်းချီကားတစ်ချပ်ကိုကြည့်ရသလိုနှယ်။ကျောလယ်ထိရှိတဲ့ ဆံနွယ်တွေကို တစ်ဝက်သာစီးပြီး ကျောက်ကလစ်ဖြင့် တွယ်ထားပုံက လူငယ်ဆန်ဆန်။ပိုးထည်တိုက်ပိုင်ရှင်မို့ မြန်မာဝတ်စုံကတော့ သူမဗီရိုထဲ၌ အရောင်စုံ၊ဒီဇိုင်းစုံပင်။ထိုထဲမှ ထုတ်ယူမိသည်က နံ့သာရောင် ဇင်းမယ်ဝမ်းဆက်ကိုသာ။အချိုးအဆက်ကျတဲ့ မြခန္ဓာကိုယ်သွယ်လျလျနဲ့ ထိုဝတ်စုံက လိုက်ဖက်လွန်းသည်ဆိုတာထက် ပိုသာသည့် အလှတရားတစ်ခုပင်။လေလာတိုင်း ဆံနွယ်နက်နက်တွေ ယိမ်းနွဲ့နေပုံက အတော်ပင်လှသည်။။မြအလှတရားကိုတစ်စိတ်တစ်ဒေသ ကူညီပံ့ပိုးပေးတဲ့ ပိုးသားလိုနူးညံ့တဲ့ ဆံနွယ်တွေ။မှန်တင်ခုံဘေးတွင်ရှိနေသည့် အနက်ရောင် လက်ကိုင်အိတ်ကိုယူကာ လက်တွင်ချိတ်လိုက်ပုံက မာန်ပါလွန်းသည်။ကျော့မော့ကာ လှပလွန်းသည်။ထို့နောက် မြရဲ့ ခြေလှမ်းတွေက အောက်ထပ်ဆီကိုသာ ဦးတည်လို့နေသည်။
ထမင်းစားခန်းတွင် ထိုင်နေသူက ခဲရောင်မြန်မာဝမ်းဆက်နဲ့ လိုက်ဖက်စွာပင်။ဆံနွယ်တွေကို ထုံးဖွဲ့ထားသည်မို့ ယဉ်လို့နေသည်။ထိုညီမတွေရဲ့အလှက စာစီလို့ပင်ကုန်မည်မထင်။
"မောနင်း မမ"
ခေါင်းငြိမ့်ပြလိုက်တော့ ယိမ်းနွဲ့သွားတဲ့ ဆံနွယ်တွေက မခို့တရို့။ပိတုန်းရောင်ဆံနွယ်နဲ့အတူ ပါးပြင်ပေါ်က မိတ်ကပ်မှုန်တွေက ခပ်ပါးပါးသာ။
"ဒီနေ့စောနိုးတာလား အရင်ဆိုရင် ဒီလိုချိန် မနက်စာစားဝိုင်းမှာ မတွေ့ရပါဘူး"