ခြံထဲမှ ပန်းပင်တွေကို တမေ့တမောကြည့်မိပြန်တော့ ရင်ထဲအေးချမ်းသည့် ခံစားချက်က တိုးဝင်လို့လာသည်။မနက်ခင်းနေဆိုသော်လည်း အတော်ပူပြင်းကာ အိုက်စပ်စပ်နဲ့ပင်။ခြံထဲမှပန်းပင်တွေက အရောင်စုံသော်ငြား နှင်းဆီဖြူတွေက ပိုများသည်မို့ မျက်စိအေးစေသည်။တစ်စုံတစ်ယောက်ရဲ့အကြိုက်က ဒီနှင်းဆီဖြူတွေပင်။
အိမ်မှထွက်လာခဲ့သည့်အချိန်က ရှစ်နာရီပင်မထိုးသေးသည်မို့ ခြံစောင့်ဦးလေးကြီးကလွဲ၍ မည်သူ့ကိုမှမတွေ့ရသေးပေ။ပူအိုက်သည့်ကြားထဲ ဆောင်းထားသည့် ဦးထုပ်အနက်ရောင်ကြောင့် ဆံနွယ်တွေ၌ ချွေးစက်တွေက ခိုအောင်းလို့နေသည်။သတိလက်လွတ်ဖြစ်ကာ ဦးထုပ်အား ချွတ်မိခြင်းက နောင်တရစရာကိစ္စဖြစ်နေလိမ့်မည်လို့ နီတကယ်ပင်မသိခဲ့။
ဦးထုပ်နည်းတူ မျက်နှာထက်က မျက်မှန်ကိုပါ ချွတ်မိပြန်တော့ "ဟန်နီသစ္စာ"ဆိုတာ အထင်းသား။ယခုအချိန်၌ အနီဆိုသည့် ကောင်မလေးဟာ ခေတ္တပျောက်ကွယ်လို့သွားသည်။ဖုန်းကိုသာ အာရုံစိုက်ကြည့်နေမိသည်မို့ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားကာ ဘာကိုမှသတိမပြုမိတော့ပေ။
"အနီ"
ရုတ်တရက်ဆန်စွာ နားထဲတိုးဝင်လာသည့်အသံက သတိလက်လွတ်နေမိသည့် နီ့အဖို့ မိုးချုန်းသံတစ်ခုလိုနှယ်။မေ့မောစွာ မော့ကြည့်မိပြန်တော့ ခဲရောင်မြန်မာဝတ်စုံနဲ့ လေးရုံမျက်နှာက အထင်းသား။အံ့သြသည့် မျက်လုံးတွေနဲ့အတူ စေ့ထားသည့် နှုတ်ခမ်းပါးတွေက ပွင့်ဟလို့လာသည်။
သတိထားမိချိန်မှ ဦးထုပ်ကို လက်တစ်ဖက်နဲ့ အမြန်ဆောင်းကာ မျက်မှန်ကိုတပ်မိသော်လည်း အချိန်ဟာ နောက်ဆုတ်လို့မရနိုင်အောင် နောက်ကျခဲ့လေသည်။
"အနီ မင်း"
ချိုသာသည့်လေးရုံအသံက တုန်ရီကာ အံ့သြနေသည်က အထင်းသားပင်။ရင်းနှီးသည့်သူတစ်ယောက်ကို တစ်မျိုးတစ်မည်ပုံစံနဲ့ မြင်ရသည်က မျက်ဝန်းတွေက မယုံနိုင်သလို စိတ်တွေကလည်း မတည်ငြိမ်ချင်တော့။
"အန်တီလေးရုံ"
"မင်းဦးထုပ်နဲ့မျက်မှန်ကိုချွတ်လိုက်"