အတွေးတွေရဲ့နှိပ်စက်မှုဒဏ်က အိပ်စက်ခြင်းကိုပင် အနိုင်မယူနိုင်ခဲ့။ခပ်ချိုင့်ချိုင့်ဖြစ်နေတဲ့ လေးရုံမျက်ဝန်းတွေက မြစိတ်ပူဖို့ဖြစ်တည်နေသလို။အနည်းငယ်မျှညိုနေတဲ့မျက်လုံးအောက်နားတွေကို မိတ်ကပ်နဲ့ဖုံးဖိထားရသေးသည်။အတွေးတွေထဲ အလုံးစုံနစ်ဝင်မိသွားတဲ့ လေးရုံအဖို့လွယ်တော့မလွယ်ပေ။
မနက်စာစားဝိုင်းမှာ နေရာယူထားသည့်် ခရမ်းစွဲရောင် မြန်မာဝမ်းဆက်နဲ့မြကိုမြင်တာနဲ့ လေးရုံရင်ထဲတုန်ခနဲပင်။တုန်နေပါသည်ဆိုမှ ကြည့်လာတဲ့မျက်ဝန်းတွေက စူးရှရှနဲ့။ထိုင်ရမည့် လေးရုံပင် ခပ်တွန့်တွန့်ပင်။
"လေးရုံ ထိုင်လေ ဘာဖြစ်လို့လဲ"
ခေါင်းခါပြတဲ့လေးရုံအဖို့ ပြောစရာစကားပျောက်ရှလို့နေသည်။တကယ်တော့ မြပုံစံက ပုံမှန်အတိုင်းသာ။
"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အိပ်ပျော်အောင် အိပ်ရတာပါပဲမမရယ်"
"ဘာမှမတွေးနဲ့တော့နော် စိတ်ပင်ပန်းတယ်"
လွန်ခဲ့သော ၂၄နှစ်ကတည်းက မြစိတ်ပူစွာ သုံးနှုန်းခဲ့တဲ့စကားက ယခုချိန်ထိ မပြောင်းလဲသေး။
"စိတ်ချပါမမရဲ့ မထင်မှတ်ပဲတွေ့လိုက်လို့ လေးရုံစိတ်လွတ်သွားတာပါ"
"အေးပါ နောက်တော့စိတ်မလွတ်စေနဲ့ အသက်တွေလည်း မငယ်တော့ဘူး"
"ဟုတ်"
စိတ်တွေတည်ငြိမ်အောင်ကြိုးစားခဲ့တာ နှစ်တွေမနည်းတော့သလို တည်ငြိမ်အောင်နေနိုင်ခဲ့တာလည်း နှစ်ပေါင်းမနည်းတော့ပေ။သို့သော်လည်း ပြန်တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာတော့ လေးရုံစိတ်တွေမထိန်းချုပ်နိုင်ခဲ့တာ မှားနေမလား။အတွေးတွေထဲစိတ်လွတ်ကာရစ်ဝဲမိပြန်သည်။နာကျင်ရဦးမည်။
"သွားတော့မယ် ကားမောင်းနေတုန်း ဘာမှမတွေးနဲ့ ကြားလား"
"မမက သွားတော့မှာလား"
"အင်း သွားတော့မယ် ပြောပြီးသားနော် အတွေးမလွန်နဲ့"
"အင်းပါမမရဲ့"