အလုပ်ထဲကိုပင် အာရုံမစုစည်းနိုင်လောက်အောင် နီ့ အတွေးအာရုံတွေ၊အမြင်တွေထဲ ဒေါ်မြမဟူရာဟာ အလွန်အမင်း စိုးမိုးနေလွန်းသည်။အနမ်းတစ်ပွင့်ခြွေလိုက်တာကိုများ မကျေနပ်ပဲ အတွေးတွေထဲ ဝင်ရောက်ကာ နှောင့်ယှက်နေသည်ပဲ ဆိုရမလို။ထိုသို့နှောင့်ယှက်နေသည်ကို နီ့ ရင်ထဲမှ နှစ်နှစ်ကာကာပင် သဘောကျနေမိသည်။ထိုအမျိုးသမီးဝင်ရောက်လာသည့်အခါတိုင်း နီ့ရင်ခုန်းနှုန်းသည်က အရှိန်ဟုန်ကောင်းကောင်းဖြင့် ခုန်နေသည်က ထိန်းချုပ်ဖို့ပင် ခက်ခဲလွန်းသည်။ထိန်းချုပ်ဖို့လည်း မလွယ်သလို ထိန်းချုပ်ရမည်ကိုလည်း နှမြောမိပြန်သည်။
လက်တော့ပ်ရဲ့မျက်နှာပြင်ပေါ်မှာ မြင်ရသည်က မြန်မာဝတ်စုံအဖြူရောင်နဲ့အမျိုးသမီး။တစ်နေ့ညက အမှတ်မထင်တွေ့ခဲ့ရသည့် အမျိုးသမီးရဲ့ပုံရိပ်။စိုးမိုးလွန်းသည်။အချိန်ပြည့်မဟုတ်ရင်တောင် နီ့ အမြင်အာရုံထဲကို ဝိုးတဝါးဝင်ရောက်လာသလို အကြားအာရုံထဲကိုလည်း ခွင့်ပြုချက်မရပဲ ဆည်းလည်းသံတစ်ခုလို ဝင်ရောက်လာပြန်သေးသည်။အဲ့လောက်ထိ ကြီးစိုးလွန်းနေတဲ့ အမျိုးသမီးက တန်ခိုးရှင်များလား။တန်ခိုးရှင်ဆိုရင်တောင် ဟန်နီသစ္စာဆိုသည့် လူသားတစ်ဦးတည်းရဲ့ စိတ်အစုံကိုသာ သိမ်းပိုက်နိုင်တဲ့ ထူးခြားတဲ့ တန်ခိုးရှင်များလား။ဆုံတွေ့လိုက်ပြီးကတည်းကနီ့ရဲ့ကိုယ်ပိုင်အတွေးကမ္ဘာငယ်ဆီကိုခွင့်မတောင်းပဲ လာရောက်တတ်သလို မထွက်သွားခိုင်းပဲနဲ့လည်း ထွက်သွားတတ်သေးသည်။အဘယ်ကြောင့်လဲ။ချစ်မိခဲ့ပြီလား။မြမဟူရာဆိုသည့် အမျိုးသမီးကို နီ ချစ်မိခဲ့လေပြီလား။ချစ်မိခဲ့ရင်တောင် ဒါဟာ ရူးသွပ်ခြင်း၊မိုက်မဲခြင်းဖြစ်နေမလား။သို့သော်လည်းအချစ်မှာ ထိုရူးသွပ်ခြင်းတွေကလည်း တစ်ဖက်တစ်လှမ်းကနေရပါဝင်သည်မလား။
"ဟာ ဘာလို့အဲ့လောက်ထိ ငါ့အတွေးထဲကို ရောက်လာရလာလဲ ဘာကြောင့်လဲ"
လူသူမရှိပဲ တစ်ဦးတည်းသာ ရှိတဲ့ အခန်းအတွင်း၌ မေးခွန်းထုတ်သလိုမျိုး ဆိုနေမိသည်။ထိုအမျိုးသမီးရဲ့ပုံရိပ်တွေ ထင်ဟပ်နေတဲ့ လက်တော့ပ်အား ပိတ်လိုက်ကာ ဘေးရှိ ဘဲလ်အသေးလေးအား ဖိနှိပ်လိုက်လေသည်။ထိုဘဲလ်ကို နှိပ်ပြီး မိနစ်ပိုင်းပင်မကြာပဲဝင်လာသည့် တေဇာ။ထူးခြားသည်ပုံစံတော့မဟုတ်။အနက်ရောင်ရှပ်အကျီနဲ့ အကွက်စိပ်စိပ်ပုဆိုးကို ဝတ်ထားသူကမြင်နေကျအတိုင်းသာ။