အချိန်တစ်ခုရောက်လာတော့ မင်းသစ္စာနဲ့လေးရုံတို့ရဲ့ ခင်မင်မှုက အရင်နဲ့တော့ အတော်ပင်ကွာခြားလို့လာသည်။စကားပြောရမှာပင် ကြောက်တဲ့လေးရုံက အခုမှာတော့ ရင်းရင်းနှီးနှီးပင်။ကြောက်ရွံ့စိတ်လည်းမရှိသလို တုန်ရီစိတ်လည်းမရှိတော့ပေ။
"အစ်ကို"
"ပြောလေ လေးရုံ"
စာအုပ်ဆီကို အာရုံရောက်နေသူက လေးရုံဆီကိုကြည့်လာလေသည်။စူးရှရှမျက်ဝန်းတွေကိုမြင်ရသော်လည်း လေးရုံအရင်လောက်တော့ ရင်မခုန်တော့ပေ။နေသားကျသွားပြီလို့ဆိုရမလို။
"ဒီတစ်ပတ်ပိတ်ရက် လေးရုံတို့ လျှောက်လည်ရအောင်"
"လျှောက်လည်ချင်တယ် ဟုတ်လား"
နေဝင်ခါနီးအချိန်မို့ အလင်းရောင်က မှိန်လာသည်။ပြတင်းပေါက်မှဝင်လာသည့် အလင်းတန်းလေးက မှိန်ပြပြသာ။
"ဟုတ်တယ်လေ စာတွေကြည့်ပဲ လုပ်ရတာ ပင်ပန်းနေပြီ စိတ်ကိုအနားပေးရမှာပေါ့ အစ်ကိုရဲ့"
"အခုချိန်မှာ စာပဲလုပ်ပါ လေးရုံရယ် နောက်မှပေါ့"
အရှေ့ရှိ ရှပ်အကျီင်္အဖြူနဲ့ သူရဲ့မျက်နှာက ခပ်တည်တည်သာ။ဘာကြောင့်ခုလောက်ထိတည်ငြိမ်နေသလဲမသိ။
"စာလည်းလုပ်တာပဲလေ လျှောက်လည်ရအောင်နော်"
ကလေးတစ်ယောက်လိုချွဲနေလိုက်ပုံများ တစ်ဖက်ကလူပင် အရည်ပျော်မတက်။ငြင်းဖို့ပင် အင်အားမရှိလောက်သည်အထိ။
"ဘယ်သူနဲ့လည်မှာလဲ"
"အစ်ကိုနဲ့ပေါ့"
"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
မေးခွန်းတွေထုတ်နေပြန်ပြီ။လေးရုံဘယ်လိုဖြေရမလဲပင်မသိ။တည်ငြိမ်နေတဲ့မျက်နှာထားကြောင့်လေးရုံ ဆက်ပြောဖို့ပင် သတ္တိမရှိတော့။
"မေမေ့ကို ခွင့်တောင်းမှာပေါ့"
"ခွင့်ပြုမှာတဲ့လား"
"အစ်ကိုပြောပေးပေါ့ မပြောပေးရင် လေးရုံငိုမှာနော် စာလည်းမသင်တော့ဘူးနော်"
ဆူမဲ့မဲ့မျက်နှာလေးက တမင်တကာဟန်ဆောင်ထားခြင်းပင်။မျက်နှာလေးကို လက်နဲ့အုပ်ထားပုံက မသိရင်ငိုနေသလို။