Unicode..
မနက်မိုးလင်းပြီဆိုတာနဲ့ သူရဲ့လုပ်ရိုးထုံးစံအတိုင်း ကျောင်းသွားဖို့မပြင်ဆင်ခင် အိမ်တော်ကြီးဘက်ကို အလုပ်ကူဖို့ထွက်လာချိန် အိမ်တော်ကြီးရဲ့တံခါးဝတွင် အနက်ရောင်ဝတ်စုံများဖြင့် အစောင့်များစွာ စောင့်ကြပ်နေသည်မို့ တစ်ချက်အံ့ဩသွားပေမယ့် စောင့်ကြပ်နေသည့်သူတို့ကို ကျော်ကာ အိမ်တော်ထဲဝင်ဖို့လုပ်တော့ လက်တွေကိုဖြန့်တားကြကာ သူ့ရှေ့ပိတ်ရပ်လိုက်ကြသည်။
"မင်းက ဂျောင်ဟိုဆော့ဆိုတဲ့တစ်ယောက်လား.."
"ဟုတ်ပါတယ်..."
"မင်းကို သခင်ကြီးက အိမ်တော်ထဲဝင်ခွင့်ပိတ်ထားတာမို့ မင်းဝင်လို့မရဘူး..."
"ဗျာ...ဘာလို့ ကျွန်တော့်ကို..."
"ငါတို့တာဝန်ရှိသေးလို့ လာမရှုပ်ပဲ အေးဆေးထွက်သွားပေးပါ..."
သခင်ကြီးကအမြဲရုပ်တည်ကြီးနဲ့ ကြောက်ဖို့အရမ်းကောင်းတာကို အရင်ကတည်းကသိပေမယ့် သူနဲ့ဆုံတိုင်း တစ်ခါမှ ဆူတာငေါက်တာမျိုးမရှိခဲ့။
ခု ဘာကိစ္စနဲ့ပတ်သက်ပြီး အိမ်တော်ထဲဝင်ခွင့်ကို ပိတ်လိုက်တာ မဟုတ်မှ ထယ်နဲ့သူရဲ့ ကိစ္စကိုသိသွားတာများလား...."မဖြစ်ဘူး ထယ်...."
အိမ်တော်ကိုဝင်ခွင့်လည်းမရတာကြောင့် အိမ်တော်မှာအလုပ်လုပ်တဲ့ အစ်မတွေဆီကနေ ထယ်အကြောင်း စုံစမ်းတော့ မနက်ကတည်းကနေ ခုချိန်ထိ အခန်းထဲ ပိတ်ခံထားရပုံ ထယ့်အခန်းရဲ့ တံခါးဝမှာလည်း အစောင့်အကြပ်တွေရှိနေတယ် ဆိုတဲ့သတင်းကြားခဲ့ရသည်။
ဖုန်းကိုဆက်တိုက်လှမ်းခေါ်နေပေမယ့်လည်း စစခေါ်တုန်းက ဆက်သွယ်မှုဧရိယာပြင်ပကနေ နောက်ပိုင်းဖုန်းဝင်နေပေမယ့် မကိုင်တာကြောင့် စိုးရိမ်မှု level ကအဆုံးထိရောက်နေပြီဖြစ်သည်။
"သား ဟိုဆော့...."
တစ်ယောက်တည်းဖုန်းတစ်လုံးနဲ့ယောက်ယက်ခတ်နေတုန်း အခန်းထဲ အဖေကဝင်လာတာမို့ စာရေးစားပွဲခုံပေါ်ငြိမ်ငြိမ်ဝင်ထိုင်လိုက်သည်။"ဗျာ...အဖေ...."
"အဖေနဲ့သားကို သခင်ကြီးကတွေ့ချင်တယ်ဆိုလို့ ခု အိမ်တော်ဘက်သွားရမယ် လာ..."
![](https://img.wattpad.com/cover/334645026-288-k520754.jpg)