27.2

1.5K 256 3
                                    

ကျန်းအိမ်တော်ကနေပြန်ထွက်လာတော့ လုဝမ်တစ်ယောက် အတော်ကိုပြိုလဲနေပြီဖြစ်သည်။ အဖြစ်မှန်ကို သိရပြီးနောက်မှာ သူမအနေနဲ့ ကျိုးယွဲ့ဇယ်ကို မျက်နှာချင်းမဆိုင်ရဲပေမဲ့ သားအရင်းဆိုတော့လည်း အရဲစွန့်ကာ သွားရှာခဲ့သည်။

သူမ တွေ့ခွင့်ပင်မရခဲ့။ ရင်ထဲကနာကျင်မှုကို လုဝမ်တောင့်မခံနိုင်တော့၊ သူမ၏မိခင်ဖြစ်သူဆီကိုသာ တိုင်တည်ငိုမိတော့သည်။ "သူ ကျွန်မကို တကယ်ကြီးမုန်းသွားပြီနဲ့ တူပါတယ်.."

မထင်ထားတာက၊ သူမတို့ လုအိမ်တော်ကို ပြန်လာတော့ ကျိုးယွဲ့ချင်က အဲ့ဒီမှာ ရောက်နှင့်ကာ စောင့်နေတာကိုပင်။

ဖျော့တော့ညှိုးငယ်နေတဲ့မျက်နှာလေးကိုမြင်တော့ လုဝမ် ရှေ့တိုးမိသွားသေးပေမဲ့၊ ကျိဝေရဲ့သားဆိုတာကို သတိရပြီး ပြန်တန့်သွားသည်။

သူမ နှုတ်ဆိတ်နေပြီး ရှေ့ဆက်တိုးမလာတာမြင်တော့ ကျိုးယွဲ့ချင်တစ်ယောက် ချက်ချင်းဆိုသလို မျက်ရည်ဖြိုင်ဖြိုင်ကျလာပြီး ကွဲအက်နေတဲ့အသံနဲ့ မေးလာသည်၊ "အမေ၊ ကျွန်တော်က တကယ်ပဲ သားအရင်းမဟုတ်ဘူးလား? သားကို မလိုချင်တော့ဘူးပေါ့?"

လုဝမ် ရင်နာရသည်။ ဘယ်လိုပဲဆိုဆို၊ ဒီကလေးကို သူမ နှစ်တွေအကြာကြီး ပွေ့ပိုက်ကာ ပြုစုပျိုးထောင်ခဲ့သည်ပဲ။ ထုံးစံအတိုင်း သူမ ရှေ့တိုးသွားပြီး ပွေ့ဖက်ကာ နှစ်သိမ့်ပေးဖို့ရွယ်ပေမဲ့ မိခင်ဖြစ်သူက တားသည်။

"ကျိုးသခင်လေး၊ ကျန်းမာရေးမကောင်းနေတာကို၊ ဆေးရုံမှာပဲ ရှိနေတာ ပိုမကောင်းပေဘူးလား" ပြောပြီး လူတချို့ခေါ်ကာ ကျိုးယွဲ့ချင်ကို ပြန်ပို့ခိုင်းလိုက်သည်။ ပြီးတော့ လုဝမ်ဘက်လှည့်ကာ၊ "ဘယ်လိုလုပ် ကိုယ့်ကလေးကိုယ်မမှတ်မိရတာလဲ? အဲ့ဒါကျိဝေရဲ့သားလေ၊ သူတို့ကပဲ နင့်သားကို ကျန်းဟန်လက်ထဲရောက်အောင် လုပ်ခဲ့ကြတာ။ အခု ငါတို့မယ် ကိုယ့်သွေးသားကိုတောင် တွေ့ခွင့်မရကြတော့ဘူးကို၊ နင်က အဲ့ကောင်စုတ်လေးကို ဂရုစိုက်ချင်နေသေးတယ်။ နင် ရူးနေပြီလား?"

လုဝမ်လည်း စိတ်ကျဥ်းကြပ်ရသည်၊ "အကျင့်ပါနေတော့လည်း၊ ချက်ချင်းတော့ ပြင်လို့မရလို့ပါ။ ပြီးတော့ ယွဲ့ချင်လည်း ဘာမှမသိရှာဘူးလေ။ သူ့မှာ အပြစ်မရှိပါဘူး။"

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now