41

619 107 2
                                    

ဒေါသအလျောက်၊ ရှန့်ဟန် တိုင်းပြည်အရေး ဆွေးနွေးစရာရှိတယ်ရယ်လို့  ကျောက်ဇယ်ကို နန်းတွင်းပြန်ဝင်လာဖို့ အခေါ်ဆင့်လိုက်သည်။ ခေါ်ပြီးတော့လည်း ချက်ချင်း နောင်တရပြန်သည်။

ကျောက်ဇယ်မှာ အသက်၂၀ကျော်ပြီ ဖြစ်သည်။ အောင်သွယ်နဲ့တွေ့တာမပြောနဲ့ ချက်ချင်းကောက်လက်ထပ်တောင် ထူးဆန်းမနေတာကို၊ သူဘာလို့ တုန်လှုပ်သွားရတာလဲ။ အဲ့ဒါထက်၊ သူကိုယ်တိုင်ကပဲ ဘုရင်ကောင်း နဲ့ အမတ်ကောင်းလမ်း ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ထားပြီး မဟုတ်လား။ တဖက်လူ လက်ထပ်တာဖြစ်ဖြစ် လက်မထပ်တာဖြစ်ဖြစ် သူ ဘာအရေးစိုက်ဖို့ လိုမလဲလေ။

ဒါပေမဲ့ အခေါ်တော်ကဆင့်ပြီးနေပြီမို့၊ လမ်းတဝက်ကြီးမှ ပြန်လွှတ်ဖို့လည်း မဖြစ်။ ရှန့်ဟန် သက်ပြင်းတွင်တွင်ချပြီး၊ လော့ပိုင်ကို ပြန်ခိုင်းလိုက်ပြီးနောက်၊ မှတ်တမ်းစာလွှာတွေ ယူလာပေးဖို့ ခိုင်းစေလိုက်သည်။

ဘုရင်လေးက သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူးလို့ သိပြီးကတည်းက၊ ကျောက်ဇယ် ဝိညာဥ်လွင့်နေသူလိုမျိုး ငိုင်တွေတွေနဲ့ ရှိသည်။ မနေ့ညကလည်း သူ နန်းတော်ထဲကနေ ဘယ်လိုပြန်ထွက်လာခဲ့မိလဲ မသိတော့။

အိမ်ပြန်ရောက်တော့လည်း၊ မိခင်ဖြစ်သူက ဆွေးနွေးစရာရှိသည်ဆိုပြီး ဆွဲခေါ်ထားပြန်သေးသည်၊ သူ ဘာတစ်ခွန်းမှ သေချာ မကြားသိလိုက်ဘဲ ပါးစပ်ကနေသာ အလိုက်သင့် အသံပြန်ပေးနေခဲ့သည်။ ပျော်ပျော်ကြီး ထထွက်သွားတဲ့ အမေ့ကိုကြည့်ရင်း၊ သူသိပ်မတွေးနိုင်တော့ဘဲ၊ တိတ်ဆိတ်တဲ့နေရာတခုမှာပဲကပ်လို့ အတွေးထဲနစ်မြုပ်နေခဲ့သည်။

တညတာလုံး ကုန်ဆုံးပြီးနောက်မှာ၊ သူ အများကြီး စဥ်းစားကြည့်ပြီးပြီ ဖြစ်သည်။ အတိတ်က အရေးမကြီးဘူးလို့ သူ ယုံသည်၊ ဘုရင်ငယ်လေး ချစ်နှစ်သက်သူ ရှိမနေသေးသရွေ့၊ သူ့မှာ အခွင့်အရေးရှိသေးသည်။ ပြီးတော့၊ ဘုရင်လေးက ထောက်ထားဆင်ခြင်ရမယ့်အကြောင်းတွေကိုသာ ပြောဆိုခဲ့တာဖြစ်ပြီး သူ့ကို တိုက်ရိုက်မငြင်းဆိုခဲ့ပေ။

ကျောက်ဇယ် ကိုယ်ပိုင်အစီအစဥ်ချပြီးဖြစ်သည်၊ မနက်ညီလာခံမဝင်ခင်အမီ စိတ်လက်ကြည်လင်အောင် လုပ်လိုက်သည်။ သို့ပေမဲ့၊ ညီလာခံသိမ်းတော့လည်း ဘုရင်က ခါတိုင်းလို သူ့ကိုဆွေးနွေးတိုင်ပင်ဖို့ရာ မခေါ်ဘဲ လော့ပိုင်ကိုပဲ ခေါ်လေသည်။

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now