မျက်ရည်လည်ရွဲနဲ့ သနားစဖွယ်ဖြစ်နေတဲ့ အင်ပါယာအရှင်ငယ်လေးကိုကြည့်ရင်း၊ မိမိရဲ့ညစ်ပတ်စုတ်ပြတ်နေတဲ့အခြေအနေနဲ့ အခုလိုပြုမူနေတာ အင်မတန်မှ မထီမဲ့မြင်ပြုမိလိုက်ပြီရယ်လို့ ခံစားလိုက်မိသည်။
ဖြစ်နေတဲ့အခြေအနေကို သဘောပေါက်သွားတဲ့နောက် ရှန့်ဟန် အကြီးအကျယ်စိတ်ဖိစီးသွားရသည်။ "မင်း. ငါ့အစ်ကိုတော်ကိုတော့ သွားပြဿနာရှာလို့မရဘူး။ အဲ့ဒီသက်သေအချက်အလက်တွေကို ရှာခိုင်းတာလည်း ငါကိုယ်တော်ပဲ၊ အမိန့်လည်း ငါကိုယ်တော် ကိုယ်တိုင်ချခဲ့တာ။ မင်းတို့ သူပုန်တွေ၊ ဘာကိစ္စဖြစ်ဖြစ် ငါကိုယ်တော့်ဆီကိုပဲ ဦးတည်.."
ကျောက်ဇယ်အကြည့်တွေ ပိုနက်မှောင်သွားပြီး တိတ်တဆိတ်တွေးနေတော့သည်၊ အဲ့ဒီသက်သေအချက်အလက်တွေက တကယ်ပဲ မင်းသားလျန်နဲ့ ဆက်စပ်နေသလားရယ်လို့။
တစ်ယောက်က လွန်ခဲ့တဲ့၆နှစ်ကတည်းက ခမည်းတော်ကိုယ်တိုင်က နန်းချတာကိုခံထားရတဲ့မင်းသား၊ တစ်ယောက်က အခုမှ ညီလာခံတက်ဖူးခါစ ကူကယ်ရာမဲ့ကလေးငယ်သာသာ အင်ပါယာရှင်ဘုရင်ငယ်လေး။ ဘယ်တစ်ယောက်ကို ယုံသင့်တယ်ဆိုတာ၊ သူ့ရင်မှာအဖြေဟာ ရှင်းပြီးသား။
မင်းသားလျန်က သူ့ကိုကယ်ထုတ်ပေးခဲ့တာမှန်ပေမဲ့၊ 'သစ္စာရှိလက်အောက်ငယ်သားကို ဆုံးရှုံးရမှာ ဒီတိုင်းထိုင်ကြည့်မနေနိုင်ပါဘူး'ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ယုံတယ်ရယ်တော့မဟုတ်၊ တခြားရည်ရွယ်ချက်ရှိလိမ့်မည်လို့ တွက်ထားပြီးသားပင်။
မူရင်းဇာတ်ကြောင်းမှာ ကျောက်ဇယ်သည် အင်ပါယာအရှင်ငယ်နှင့် ဆုံခွင့်မကြုံခဲ့သလို သူ့ရဲ့ဆွေမျိုး၉ဆက်မှာလည်း သုတ်သင်ခံခဲ့ရသည်။ ဒီလိုကြောင့် မင်းသားလျန်မှာ သီးခြားရည်ရွယ်ချက်ရှိတာ သိနေရင်တောင်မှ ထိုကျောက်ဇယ်သည် ကြောင်းပေးသည့်လမ်းပေါ် လျှောက်ခဲ့ပေလိမ့်မည်။ သို့ပေမဲ့ ယခုအခြေအနေမှာ မတူ၊ ကျောက်မိသားစုသည် ပြန်လည်ဦးမော့နိုင်သည့်အနေအထား ရှိနေသေးသည်မို့၊ အခြားသောလမ်းကို ရွေးချယ်နိုင်သည်။
မှတ်မိပါသေးသည်၊ ဖခင်ဖြစ်သူမှာ ဤအင်ပါယာဘုရင်ငယ်ကို အားပျော့ကာ တာဝန်ကြီးများကို မထမ်းဆောင်နိုင်သူရယ်လို့ မကြာခဏဝေဖန်ခဲ့သည်။ အဆုံးမှာတော့၊ ဒီလူ့အပေါ်မှာပဲ လောင်းကြေးထပ်ဖို့ ကျောက်ဇယ်ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ဒီကလေးသာသာဘုရင်လေးက သူ့အပေါ်လှည့်ကစားရဲမှာမဟုတ်၊ မင်းသားလျန်ထက်တော့ ယုံကြည်ပေးလို့ရလောက်သည်ပင်။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...